ကျိုက်မရောမြို့နယ်က ရေဘေးသင့်ကျေးရွာအတွက် သောက်သုံးရေနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေ

ကျိုက်မရောမြို့နယ်က ရေဘေးသင့်ကျေးရွာအတွက် သောက်သုံးရေနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေအတွက် သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေမြင့်တက်လာတာကြောင့် အတ္ထရံမြစ်ဘေးရှိ ဦးလေး၊ ချောင်းနှစ်ခွ၊ ငါးပျဉ်မ၊ ကြုံကွယ် အပါအဝင် ကျေးရွာ ၇ ရွာလောက်ဟာ ရေပြန်လည် ကျဆင်းတာ မရှိဘဲ ရေကြီးနစ်မြှုပ်နေတာ ဖြစ်ပါတယ်။

ရေကြီးနစ်မြှုပ်နေတာကြောင့် ကျေးရွာအတွင်းရှိ ရေတွင်းအားလုံး ရေဖုံးလွမ်းနေတဲ့အတွက် သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို လမ်းပန်းဆက်သွယ်ရေး ပြဿနာကြောင့် ဆေးဝါး မလုံလောက်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အဲ့ဒီဘက် ရွာတွေကတော့ မြုပ်နေတုန်းပဲ၊ ရွာဘက်ခြမ်းကတော့ မကျနိုင် သေးဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ မိုးရေတွေက ရေတွေက တအားခံလိုက်တော့ မကျနိုင်သေးဘူး အဲ့ဒီဘက်ခြမ်း ရွာတွေက၊ အခါတိုင်း နှစ်တွေနဲ့တော့ ဘယ်သွားတူမလည်း အခါတိုင်း နှစ်တွေ ကျတော့က လူတိုင်းလိုလို ပရဟိတ သမားဆိုတာ ကျွန်တော်တို့ မြို့ပေါ်ကြီးပဲ မဟုတ်ဘူး၊ ဘယ်မြို့က ဘယ်မြို့က နေပြီးတော့ လာလှူ လာဝေကြတာပဲ၊ ဒီနှစ်ကျတော့ အဲ့တာတွေ မရှိသေးဘူး၊ လိုတာကတော့ အခုလောလောဆယ် အိမ်မြုပ်တယ် ဆိုတော့ ဘယ်လို ပြောမလည်းဆိုရင် ချက်စရာ ပြုတ်စရာတွေ ဒုက္ခဖြစ်တယ်၊ မီးမရှိဘူး၊ သူက အတ္ထရံ မြစ်ရေ တက်သွားတာနဲ့ ဒီသောက်သုံးရေကတော့ အခက်အခဲ ဖြစ်တာပဲ၊ ဘာလို့ သောက်သုံးရေး အခက်အခဲ ဖြစ်လည်းဆိုတော့ ရေတွင်းတွေ အကုန်မြုပ်ကုန်တာကို၊ ဆေးဝါးတော့ လိုအပ်ချက်တော့ ရှိမယ်လေ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဘက်ခြမ်းတွေက ဆေးရုံတို့ ဘာတို့က ရှိမှ မရှိဘဲဟာ၊ ဆေးရုံ ဆေးခန်းမှ မရှိဘဲဟာ”လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေကို အရင်နှစ်တွေကလည် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက လာရောက် လှူဒါန်းတာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လာရောက်လှူဒါန်းသူ မရှိသလောက် နည်းပါးနေပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားတာမရှိတာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ ဆွေးမျိုးနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွားသွန်းမှုကြောင့် မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ မုဒုံ မြို့နယ်တို့မှာ ရေကြီးရေလျှံတာ၊ တောင်ပြိုတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကို ခံစားခဲ့ရတာ ဖြစ်ပြီး အခုအခါမှာတော့ မြို့နယ်အများစုမှာ ရေပြန်လည် ကျဆင်းနေပြီး ဖြစ်ပါတယ်။

ရေကြီးရေလျှံတာ၊ တောင်ပြိုတာနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းက ကျေးလက်ဆေးပေးခန်းတွေ အပါအဝင် လူနေအိမ် ၃၀ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...