စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။

စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။
ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ )
ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ )

ဇူလိုင်လအတွင်းမှာဆိုရင် စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်ပွားရာနဲ့ဝေးတဲ့ ကျေးရွာတွေ စစ်ရှောင်စခန်းတွေမှာကျရောက်တာရှိပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ စစ်ရှောင်ပြည်သူလည်းရှိသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များစွာရှိနေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။

ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ )

“စစ်ကောင်စီက သမိုင်းစာမျက်နှာပြန်ကြည့်မယ်ဆိုလို့ရှိရင် လူထုကိုအကျိုးပေးတာ၊ လူထုအကျိုးကို တကယ် စေတနာမှန်မှန်ကန်ကန်နဲ့ သယ်ပိုးပြီးတော့မှ လုပ်ဆောင်ပေးခဲ့တာဆိုလို့ရှိရင်တော့ မရှိခဲ့ဘူးပေါ့။ ဘာပြောချင်လဲဆိုလို့ရှိရင် ဒီစစ်ကောင်စီက ကောက်ကျစ်တဲ့လူတွေဖြစ်တယ်။ ရက်စက်တဲ့လူတွေ ဖြစ်တယ်။ ယုတ်မာတဲ့လူတွေဖြစ်တယ်။ သူတို့က ဘယ်သောအခါမှ လူထုအပေါ်ကောင်းလာမယ့် လူတွေ မဟုတ်ဘူး ဒီ အာဏာရှင်တစ်စုပေါ့လေ။ လက်ရှိလည်း ကျနော်တို့ ကရင်နီပြည်နယ်မှာ ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် လက်နက်ကြီးတွေနဲ့ ပြည်သူလူထုတွေ အထူးသဖြင့် စစ်ဘေးရှောင်နေတဲ့နေရာ ဆိုလို့ရှိရင် သူတို့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ လှမ်းထုတာတွေ ပိုပြီးတော့ လုပ်ဆောင်လာတာတွေ တွေ့ရတယ်။ ဒါက ဘာကိုပြသတာလဲ ဆိုလို့ရှိရင် စစ်ကောင်စီက ဒီထက်ပိုပြီး ကျနော်တို့ကို ရက်စက်လိမ့်မယ်။ ရက်လည်း ရက်စက်နေတယ်။ ဒီထက်ပိုပြီးတော့မှလည်း အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ ကောက်ကျစ်လိမ့်မယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ အဲ့လိုမျိုး ယူဆရတယ်။ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ဒီ စစ်ဖက်ဆိုင်ရာမှာဆိုလို့ရှိရင်တော့ အရပ်သား ပစ်မှတ်နဲ့ ရန်သူ့ ပစ်မှတ်ဆိုတာ ခွဲခြားရမယ်ဆိုတဲ့ ဥစ္စာတွေရှိတယ်။ ဒါပေမယ့် သူတို့တွေက ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်နေတာပဲပေါ့လေနော။ တစ်ခု။ ကျန်တဲ့ တစ်ဖက်အနေနဲ့ ကျနော်တို့ ကြည့်မယ်ဆိုလို့ရှိရင် အပြစ်မဲ့ ပြည်သူလူထုတွေ ဒီလောက်ထိ သေကြေနေတာတောင်မှ နိုင်ငံတကာကလည်း စစ်ကောင်စီကို အရေးယူ ဆောင်ရွက်တာတွေက တော်တော်လေးနှေးနေတယ်လို့ ကျနော်တို့ မြင်တယ်။ ရှုတ်ချတယ်ဆိုတဲ့ အဆင့်ကနေကို မတက်လာပဲနဲ့ သူတို့ကို အရေးယူဖို့ ဆောင်ရွက်ဖို့က ဘယ်အဖွဲ့အစည်းမှ လုပ်ဆောင်နေတာမရှိဘူး။ လက်ရှိအခြေအနေမှာ အဲ့ဒီအပေါ်မှာလည်းပဲ စစ်ကောင်စီက ဘာကို ထပ်ပြီးတော့ ပြချင်လဲဆိုလို့ရှိရင်တော့ ငါတို့လုပ်နိုင်တယ် ငါတို့ လုပ်ရဲတယ် ဘယ်သူငါတို့ကို တရားစွဲမလဲဆိုတဲ့ ဥစ္စာနိုင်ငံတကာကို စိန်ခေါ်တာလား ဆိုတဲ့ဥစ္စာလည်း ကျနော်တော့ အဲ့လိုမျိုးပဲ မြင်မိတာပေါ့။”



စစ်ရှောင်အမျိုးသမီးတစ်ဦး

“စိုးရိမ်မှုကတော့ အများကြီးပေါ့နော။ အခက်ခဲလည်းအမျိုးမျိုး ကြုံရတယ်ပေါ့နော။ အဓိကစိုးရိမ်တာက ဒီသက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ အခု ကျမဆီမှာလည်းကလေးတွေရှိတယ်။ နောက် သက်ကြီးရွယ်အို လမ်းမလျောက်နိုင်တဲ့ သက်ကြီး အသက် ၇၆ ပေါ့နော။ အဲ့တာ အမျိုးမျိုးပူပန်ရတာပေါ့နော။ အကယ်၍ ဖြစ်လာပြီဆိုလို့ရှိရင် အဓိက ကလေး တအားစိုးရိမ်ပူပန်မှုများတာပေါ့နော။ ဒီကလေးတွေက သူတို့ ပြေးလည်း မပြေးနိုင်ဘူး။ သူတို့ သိလည်းမသိဘူး။ ကျလာမယ်ဆိုလို့ရှိရင် သူတို့ရဲ့ စိတ်ဒဏ်ရာ ရသွားမှာလည်း စိုးရိမ်ရတယ်။ ပြီးတော့ ကျမတို့အတွက်လည်း အရမ်းစိုးရိမ်ပူပန်မှု များတယ်ပေါ့။ ကျမတို့ကလည်း ဘာမှ မလုပ်တတ်တော့ ဘယ်လိုလုပ်ရမှန်းလည်း မသိဘူး။”



ဦးဗညား ( ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ ဒါရိုက်တာ)

ဒီလုပ်ရပ်အားလုံးက စစ်ရာဇဝတ်မှုကော နောက်ပြီးတော့ လူသားမျိုးနွယ်စုမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ပေါ့နော။ နံပါတ် (၁)တစ်ချက်က သူတို့ စစ်ပွဲမှာ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ စစ်ပွဲကာလမှာ လူထုတွေရှိတဲ့အရပ်ကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေက စစ်ရာဇဝတ်မြောက်တယ်။ ဒါစစ်ဥပဒေကြောင်းအရ လုပ်လို့မရတဲ့ဟာတွေဖြစ်တယ်။ အဲ့လိုမျိုးလုပ်ခြင်းက စစ်ရာဇဝတ်မြောက်တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ချက်မှာလည်း လူသားမျိုးနွယ်စုအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကျနော်တို့ ပြောလို့ရတာက သူတို့တွေက ကျနော်တို့ ပြည်နယ်တစ်ခုတည်းပဲ လုပ်တာ မဟုတ်ဘူး။ သူတို့က ဝိုင်းဖွဲ့ပြီးတော့မှ နေရာတကာမှာ သူတို့လုပ်နေတယ်။ ကျနော်တို့ပြည်နယ်မှာဆိုရင်လည်းသူတို့ အဲ့ဒီလိုမျိုးလုပ်တယ်။ ဒီးမော့ဆိုလုပ်တယ်။ ဖရူဆိုလုပ်တယ်။ ဘောလခဲအထိလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူထုတွေရှိတဲ့နေရာကို နေရာတော်တော်များများကို သူတို့ လိုက်ပြီးတော့မှ စနစ်တကျကိုလုပ်တာ။ ဘယ်နှလုံးပစ်မယ်။ ဘယ်အချိန်မှာပစ်မလဲ။ အဲ့လိုမျိုး စနစ်တကျ စီစဉ်မှုရှိတယ်။ နေရာအနှံမှာ အဲ့ဒီဟာကို ကျူးလွန်တယ်ပေါ့နော။ ပစ်ခတ်တယ်။ သတ်ဖြတ်တယ်။ အဲ့ဒီဟာက လူထုတွေ ဆက်နေလို့မရအောင် လူထုတွေ တခြားနေရာ ထွက်သွားအောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်တဲ့ဟာက ဒါက လူသားမျိုးနွယ်စုမှာ ကျူးလွန်သော စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။



စစ်ရှောင်အမျိုးသားတစ်ဦး

“လက်နက်ကြီးက စစ်ဘေးဘေးရှောင်စခန်း နေရာတိုင်းလိုလိုကျလာတဲ့အခါကျတော့ ကျနော်တို့ ပြည်သူတွေအပေါ်မှာတော့ တအားစိုးရိမ်ထိတ်လန့်မှုတွေ အများကြီးရှိတာပေါ့။ ဒါပေမယ့် ကျလာခဲ့လို့ရှိရင်လည်း မတတ်နိုင်ဘူးလေ။ ဒဏ်ရာရတဲ့သူတွေ ရှိသလို သေတဲ့သူတွေရှိတာပဲ။ တခါတည်း သေသွားမယ်ဆိုရင်တော့ အကြောင်းမရှိပါဘူး။ မဟုတ်ရင် ဒဏ်ရာရလာပြီးတော့ ကျနော်တို့ သွားလာရမယ့် လမ်းကြောင်း ခရီးကလည်း မဖြောင့်ဖြူးဘူးလေ။ ဆေးရုံ၊ ဆေးခန်းဆိုတာလည်း မလွယ်ဘူး။ ဒါကြောင့်မလို့ အင်မတန် ခက်ခဲတယ်လို့ ပြောချင်တယ်ပေါ့။ ကလေးတွေ သား၊ သမီးတွေတော့ အင်မတန်စိုးရိမ်တာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငယ်ရွယ်တယ်။ ပြေးလွှားလို့လည်း မရဘူး။ ရှောင်တိမ်းလို့လည်း မရဘူး။”

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...