“စစ်ဇုန်အဖြစ် ရုန်းကန်နေရဆဲ ကရင်နီပြည်ရဲ့ ဒုတိယမြို့တော် ဒီးမော့ဆို”

“စစ်ဇုန်အဖြစ် ရုန်းကန်နေရဆဲ ကရင်နီပြည်ရဲ့ ဒုတိယမြို့တော် ဒီးမော့ဆို”

“War Zone” စစ်ဇုန်ဆိုတာ အားလုံးအတွက်တော့ ထိတ်လန့်ဖွယ်ရာ၊ ခြောက်ခြားဖွယ်ရာ ဖြစ်နေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ လူတွေအတွက်တောင် စစ်ဇုန်ဟာ ထိတ်လန့်ခြောက်ခြားစရာပါ။

တချိန်က ၂၄ နာရီနီးပါး လူစည်ကားခဲ့တဲ့ ကရင်နီပြည်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ အေးချမ်းသာယာလှပခဲ့တဲ့ ဒီးမော့ဆိုမြို့ဟာ အခုဆိုရင် မြို့ပျက်ကြီးသဖွယ် ဖြစ်သွားပါတယ်။

စာရေးသူကိုယ်တိုင် စစ်ဇုန်ထဲကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ရောက်ရှိရင်း မြင်တွေ့ခံစားခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့ကို ထင်ပေါ်ကျော်ကြားစေတဲ့ ငွေတောင်ဆည်ဟာဆိုရင်လည်း စစ်ပွဲတွေကြားမှာပဲ ရုန်းနေရပြီး ထူထပ်အုံပြောသော ခြုံတွေနဲ့အတူ မင်းအောင်လှိုင်တပ်ရဲ့ ညင်းဆဲမှုကြား တိမ်ငယ်စွာ ရှင်သန်နေရပါတယ်။

“လွိုင်ကော်ကနေ ဒီးမော့ဆိုအထိ ဒီလမ်းမကြီးတစ်လျှောက်လုံးက လုံးဝကို စစ်ဇုန် ဖြစ်သွားပြီ”

ဒါကတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဟာ စစ်ဇုန်ထဲမှာ ရောက်ရှိနေစဉ် စာရေးသူကို လက်ရှိ ကရင်နီပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြရင်း ပြောလိုက်တဲ့ စကားပါ။

လွိုင်ကော်မြို့တွင်းကနေ ဒီးမော့ဆိုမြို့နယ်ကို ကူးလူးဆက်ဆံသွားလာနေတဲ့ “လွိုင်ကော်မြို့မှ နုတ်ခွန်းဆက်သပါ၏” ဆိုတဲ့ မြို့အဝင်၊ အထွက် ဆိုင်းဘုတ်ရှိရာ နေရာကနေ စပြီး ဒီးမော့ဆိုမြို့တွင်းအထိဟာ ဖြတ်သန်းသွားလာလို့ “လုံးဝ(လုံးဝ)” မရတဲ့ စစ်ဇုန်အဖြစ် ရှိလာခဲ့တာ တစ်နှစ်ကျော်အထိ ရှိလာခဲ့ပါပြီ။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နည်းမျိုးစုံသုံးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့အခါ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ ဆန့်ကျင်နေကြတဲ့ လူထုတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ပြည်သူလူထုတွေကနေ ကိုယ်ထူကိုယ်ထ စုဖွဲ့ပြီး ရရာလက်နက် စွဲကိုင်ကာ ခုခံတော်လှန်ခဲ့ကြပါတယ်။

ကရင်နီပြည်မှာတော့ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်တဲ့နောက် စစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ နေ့ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်တဲ့နောက် ကရင်နီပြည်မှာ စစ်ပွဲ စတင် ဖြစ်ပွားခဲ့တဲ့ နေရာဟာ ဒုတိယမြို့တော် ဒီးမော့ဆိုဖြစ်ပါတယ်။

ဒီးမော့ဆိုမှာ စတင်ခဲ့တဲ့ စစ်မီးဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အနိုင်ကျင့်ညင်းဆဲမှုကို မခံနိုင်တော့တဲ့ လူထုတွေကနေ စတင်ပြီး ရရာလက်နက်ကို စွဲကိုင်ပြီး တော်လှန်နေကြတာပါ။ ယခုဆိုရင် တစ်နှစ်ကျော်အထိ စစ်ပွဲဟာ အရှိန်ပြင်းနေဆဲ ဖြစ်ပါတယ်။

စစ်ပွဲတွေကြား တဖန် ရုန်းကန်လာရတဲ့ ကရင်နီပြည်ရဲ့ ဒုတိယမြို့တော် ဒီးမော့ဆိုမြို့ဟာ ယနေ့အချိန်ထိ စစ်ဇုန်အဖြစ် ရုန်းကန်နေရဆဲပါ။ လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်းက တချို့နေရာတွေဟာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေတလှည့်၊ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က တလှည့် နေရာယူထားကြပါတယ်။

“ကျနော်တို့ဆီမှာ ရှိနေတဲ့ နယ်မြေတော်တော်များများကို ကျနော်တို့ တပ်ရင်းတွေက နေရာယူထားတာတော့ ရှိတယ်။ ဘယ်သူစိုးမိုးလဲ၊ သူစိုးမိုးလား၊ ငါစိုးမိုးလား အဲ့လိုမျိုးတော့ မရှိဘူး။ ကျနော်တို့ လှည့်ကင်းပေါ့နော Round နေတာပေါ့” KNDF မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက စစ်ဇုန်ထဲကနေ ပြောပြနေတာပါ။

ဒီးမော့ဆိုမြို့နေ ဒေသခံ မြို့နဲ့ အနီးတစ်ဝိုက်က ဒေသခံတွေဟာဆိုရင်လည်း စစ်ပွဲကြောင့် ဘေးလွတ်ရာလို့ ယူဆရတဲ့ တောတောင်တွေထဲကို ခက်ခဲပင်ပန်းဆင်းရဲစွာ တိမ်းရှောင်နေထိုင်ကြရတာ နှစ်ချီကြာခဲ့ပြီ ဖြစ်ပါတယ်။

“ဒိန်း..ဆိုပြီး တိုက်ပွဲစဖြစ်တဲ့နေ့က စပြေးတာလေ။ အခုဆိုတစ်နှစ်ကျော်ပြီ။ ဘာတခုမှ မယူခဲ့ရဘူး။ အိမ်ကတော့ ရှိသေးတယ်ပြောတာပဲ။ လက်နက်ကြီးတွေတော့ ထိတာပေါ့။ မီးတော့မလောင်ဘူး။ အိမ်ပြန်ချင်တယ်။ ဒီတသက်အိမ်ကော ပြန်ရပါ့မလား။ ဒီတောထဲမှာပဲ သေသွားရမလားပဲ”

ဒါကတော့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက သူမ အိမ်ကို စွန့်ခွာထွက်ပြေးလာခဲ့တဲ့ အခြေအနေကို သက်ပြင်းချရင်းတလှည့်၊ မျက်ဝန်းထဲက မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာအောင် ထိန်းရယ်ရင်းတလှည့် ပြောပြနေတာပါ။

မင်းအောင်လှိုင်ရဲ့ တပ်သားတွေဟာလည်း ဒီးမော့ဆိုမြို့နယ်မှာ သေဆုံးမှု အများဆုံး ရှိနေတယ်လို့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။

“ဒီလမ်းမတစ်ကျောမှာ စကစရဲ့ အကျအဆုံးကတော့ တော်တော်များခဲ့တယ်။ အကုန်လိုက်ညွန်းလို့ ရတယ်။ သူတို့ ဘယ်နေရာမှာ သေခဲ့လဲဆိုတာကို” လို့ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတစ်လျှောက်မှာ ပါဝင်ခဲ့သူ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ဇုန်ဖြစ်နေတဲ့ လမ်းကြောင်း၊ နယ်မြေအတွင်းကိုလည်း လူထုတွေ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

“လူထုတွေက ဒီလမ်းကြောင်းကို သွားလာမယ်ဆိုရင် ကျနော်တို့ကလည်း သူတို့အတွက် လုံခြုံရေး ယူပေးနိုင်တာမျိုးတွေ မရှိဘူး။ ဒါကြောင့်မို့ ဒီလမ်းကြောင်းက သွားလာလို့ မရဘူး ပွင့်ပွင့်လင်းလင်း ပြောရရင်။ သွားလာလို့လည်း မသင့်ဘူး” လို့ KNDF မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

စစ်ဇုန်လို့ဆိုတဲ့ လမ်းမကြီးတစ်လျှောက် ဘေးဝဲယာက လူနေအိမ်၊ စျေးဆိုင်၊ ဓာတ်ဆီဆိုင်၊ ဘာသာရေးအဆောက်အဦး စသဖြင့် အဆောက်အဦးတွေဟာ မင်းအောင်လှိုင်တပ်က စစ်ကြောင်းထိုးရင်း တမင်မီးရှို့လို့ ပြာကျသွားတာတဖုံ၊ ၎င်းတို့ခြေကုပ်ထားတဲ့ နေရာတွေကနေ လက်နက်ကြီးတွေ ရည်ရွယ်ရှိရှိ နေ့စဉ်နဲ့အမျှ ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာက တကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းဟာလည်း ကရင်နီပြည်အတွင်း အဆောက်အဦး ပျက်စီးမှု အများဆုံး ဖြစ်တဲ့ မြို့လည်း ဖြစ်နေပါတယ်။

ဒီနေ့ ဒီအချိန်ထိလည်း ဒီးမော့ဆိုမြို့နယ်အပြင် ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ တိုက်ပွဲမဖြစ်တဲ့နေ့တွေမှာဆိုရင်လည်း မင်းအောင်လှိုင်တပ်က ရဟတ်ယာဉ်တွေပျံတာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာကြောင့် တစ်သိန်းကျော်သော ကရင်နီလူထုတွေဟာ နေအိမ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာ ဒီးမော့ဆိုမြို့ကတော့ စစ်ကောင်စီတပ်သားတွေကလွဲရင် ပြည်သူတွေ တစ်ဦးတယောက်မှ ပြန်လာနေထိုင်တာမျိုးတွေမရှိသေးပါဘူး။

ပြန်လာနေထိုင်ခဲ့မယ်ဆိုရင်တောင် မင်းအောင်လှိုင်တပ်ရဲ့ မြေမြုပ်မှိုင်းတွေဟာ ပြန်လာမယ်သူတွေကို အကြီးမားဆုံး အန္တာရာယ်ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုမျိုးရှိနေပါတယ်။

ငြိမ်းချမ်းမယ့်တစ်နေ့၊ ဘေးကင်းကင်းနဲ့ အိမ်ပြန်လာလို့ ရမယ်တစ်နေ့နေ့ကို မျော်လင့်ရင်း ကရင်နီစစ်ဘေးရှောင်တွေအားလုံး စစ်ဒဏ်မှ ကင်းလွတ်ပြီး ယခင်ကဲ့သို့ အေးချမ်းတဲ့ မိမိနေရပ်ကို အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…………………

Most read this week

May 20, 2024
အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုပညာရေးစင်တာဟာ မေလ ၁၇ ရက်နေ့မှာပဲ...
May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...