အချင်းချင်း ကွဲပြဲနေကြတယ်ဆိုရင်တော့ မကောင်းဘူး-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်းချက်

အချင်းချင်း ကွဲပြဲနေကြတယ်ဆိုရင်တော့ မကောင်းဘူး-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်းချက်

လတ်တလော ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်အကြောင်း ကရင်နိုင်ငံရေးပါတီခေါင်းဆောင်တို့၏ အမြင်သဘောထားများ သိရှိနိုင်ရန် မွန်သတင်းအေဂျင်စီ သတင်းထောက် စိုင်းဦးက ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ မန်းအောင်ပြည်စိုးအား ဆက်သွယ်မေးခဲ့ခြင်း ဖြစ်သည်။

မေး။    ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်မတော်တည်ထောက်လိုက်တယ်။ အဲဒီနောက် KNU က သူ့ကို ထုတ်လိုက်တယ်။ အဲဒီ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆရာတို့ သုံးသပ်ချက်လေး သိလိုပါတယ်။

ဖြေ။     သူတို့ရဲ့ အကြောင်းအရာတွေကတော့ စိတ်ညစ်စရာကြီးဗျာ။ ပြောရမယ်ဆိုရင်တော့ သူက KNDO ရဲ့ စစ်ဦးစီးချုပ်ဆိုတော့ ဟိုတုန်းက ခန့်ခဲ့တာပေါ့လေ။ နောက်သူက ဟိုအဖွဲ့ကို (၂၀၂၁ ခုနှစ် မေလအတွင်း ဝေါ်လေဒေသမှာအရပ်သား ၂၅ ဦးသတ်ဖြတ်မှု-စာတည်း) သတ်ပစ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ သူ့အပေါ်မှာ စစ်ဆေးပြီးတဲ့နောက် သူ့ကို ယာယီတာဝန်ကနေ ရုပ်သိမ်းတယ်။ အခု ဒီ ဇူလိုင် ၁၇ ရက်နေ့မှာလား မသိဘူး ရုပ်သိမ်းလို့ သူ့နေရာ အစားထိုးတဲ့ အပေါ်မှာ သူက တပ်ဖွဲ့အသစ် ဖွဲ့လိုက်တဲ့ သဘောမျိုး ခင်ဗျားတို့လည်း အဲလိုနားလည်မှာပါ။ ကျနော်တို့လည်း ပြောရမယ်ဆိုရင်တော့ စိတ်လည်း ညစ်တယ်၊ စိတ်လည်း မကောင်းဘူးပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုထဲကနေပြီးတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတာတွေလေ။ ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း KNU ကနေပြီးတော့ အကွဲကွဲ အပြားပြား ဖြစ်လာတဲ့ သမိုင်းကလည်း သိပြီးသားပါ။ မြိုင်ကြီးငူ ဆရာတော်ကနေပြီး ခွဲသွားလိုက်တဲ့ DKBA  နောက်တစ်ခါ PC နောက်တစ်ခါ DKBA ကနေပြီးတော့ BGF၊ DKBA ကနေပြီး တော့ ပါတီထောင်လိုက်တာတွေ အစရှိသဖြင့်ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ဒီလိုအကွဲကွဲ အပြားပြား ဖြစ်နေတာဟာ ကျ‌နော်တို့ ကရင်တိုင်းရင်းသားတွေ အတွက်တော့ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ အဲဒီလို ကရင်တိုင်းရင်းသားကြီးပဲ မဟုတ်ဘူးပေါ့လေ၊ ကျန်တဲ့ တိုင်းရင်းသားတွေကလည်း ဒါသတိပြုကြဖို့ သူတို့အတွက်ကလည်း ဒီလို စုစည်းမှု မရှိဘူး။ ပြေလည်မှု မရှိဘူး။ အချင်းချင်း ကွဲပြဲနေကြတယ်ဆိုရင်တော့ မကောင်းဘူးလို့ ကျ‌နော်က အဲဒီလိုပဲ မြင်တယ်၊ အဲဒီလိုပဲ ပြောလိုတယ်။

မေး။     အခုကိစ္စက ဘယ်လိုမျိုး ညှိနှိုင်းလုပ်ဆောင်ရင် အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။     ကျနော်အထင်တော့ ညှိနှိုင်းဖို့တောင် လွယ်ပါ့တော့မလား သူတို့ အချင်းချင်းက ညှိနှိုင်းဖို့ မလွယ်ဘူး ဆိုလို့ရှိရင် ဟိုတုန်းကလို ဆန်းအောင်တို့၊ ကျော်သက်တို့လို ခွဲထွက် DKBA ဘာညာ အခုလည်း ခွဲထွက် KNDO ဖြစ်မလားတော့ မပြောတတ်ဘူးပေါ့။ ညှိနှိုင်းဆောင်ရွက်လို့ ပြေလည်တယ်ဆိုရင် ကျနော်တို့ ဝမ်းသာတာပေါ့ဗျာ။ ဒါပေမဲ့ လွယ်ပါတော့ မလားဆိုတဲ့ အပိုင်းတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ဆိုတဲ့အခါကြတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း ကောမန့်ဘယ်လိုမှ ပေးလို့မရဘူးပေါ့။

မေး။     ကော်သူးလေတပ်မတော်တည်ထောင်တဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်ဖြုတ်ချရေးလို့ပြောတယ်။ KNU က NCA ထိုးထားတော့ လုပ်ဆောင်ရတာ ကျဉ်းကြပ်တယ်။ အဲဒါကြောင့် တည်ထောင်တယ်လို့ ပြောတယ်။ဒီအပေါ်မှာ ဆရာတို့ ဘာမှတ်ချက်ပေးလိုက်သေးလဲဗျ။

ဖြေ။     စစ်အာဏာရှင်ဖြုတ်ချရေးကတော့ ဒီဟာကို ထောင်လိုက်ရုံနဲ့ ဖြစ်ပါ့မလား၊ ရပါ့မလား။ ကျနော်တို့ တိုက်လာ၊ ခိုက်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်နေပြီ။ ဘယ်သူမှလည်း မနိုင်ဘူး။ ဘယ်သူမှလည်း မရှုံးဘူး။ Win Win ပေါ်လစီပဲ ကောင်းတာပေါ့ဗျာ။ စစ်အာဏာရှင်ဖြုတ်ချရေးကတော့ ကျနော်တို့ ကရင်တိုင်းရင်းသားတွေကြီးပဲလည်း မကဘူးပေါ့။ ကျန်တဲ့ တိုင်းရင်းသားတွေလည်းပဲ လုပ်ကြတာပဲ။ သို့သော်လည်းပဲ ခုထက်ထိတော့ အကောင်အထည်မပေါ်လာသေးတဲ့ အပေါ်မှာ ကျနော်တို့ စဉ်းစားဖို့တော့ လိုတာပေါ့။ ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာ ကျနော်တို့ အလေးအနက်ထားပြီး တွေးခေါ်ကြဖို့ ကျနော်ကတော့ အဲဒီလိုပဲ မှတ်ချက်ပြုလိုပါတယ်။

မေး။     စစ်အာဏာသိမ်းပြီးနောက် KNU အနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရပ်ဆိုင်းထားတယ်၊ သူ့နယ်မြေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာရှိတယ်။ ဆိုတော့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြအနေနဲ့ KNU အောက်ကနေ တိုက်ခိုက်လို့ ရရဲ့သားနဲ့ ဘာလို့ တပ်မတော်တည်ထောင်တာလဲလို့ မြင်မိသလဲ။

ဖြေ။     ဒါက သူ့ကို အရေးယူဆောင်ရွက်တဲ့ အပိုင်းမှာ သူမကျေနပ်လို့ သာမန်တွေးမယ်ဆိုရင်တော့ အဲဒါပဲ ရှိမှာပေါ့ဗျာ။ သူ့ကို အရေးယူဆောင်ရွက်တာ သူ့အတွက် မမျှတဘူး၊ မသင့်ဘူး၊ ဘာညာအဲဒီလိုပဲ သူခံယူပြီးတော့ သူထွက်လိုက်ပြီးတော့ ထောင်လိုက်တဲ့ သဘောမျိုးပေါ့လေ။ အဲဒီလို ထောင်လိုက်တဲ့ အပေါ်မှာ ခုနက KNU လက်အောက်မှာရှိတဲ့ KNU အနေနဲ့ တိုက်ရင်လည်း ရရဲ့သားနဲ့ ဆိုတဲ့ အပေါ်မှာ သူက သူ့ရဲ့ စိတ်ဆန္ဒအတိုင်း သူ့ရဲ့ သဘောအတိုင်း မဖြစ်လာတဲ့ အခါမှာ အဲဒီလို ထောင်လိုက်တယ်လို့ပဲ ပြောရမှာပေါ့။ KNU စတိတ်မန့်ထဲမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ အကြိမ်ကြိမ်အခါခါ သူက ပြောရဆိုရတာ နည်းနည်းခက်တယ်၊ သူ့ကို ညှိနှိုင်းဆောင်ရွက်ရတာလည်း ခက်တယ်ဆိုပြီးမှ သူ့ရဲ့ စတိတ်မန့်ထဲမှာပါတယ်။ အဲဒီအပေါ်မှာလည်း တစ်ဖက်နဲ့ တစ်ဖက်က ညှိနှိုင်းပြီး မလွယ်ကူတဲ့ အနေအထားမျိုး ရှိတယ်လို့ပဲ ကျနော်တို့ အဲဒီလိုပဲ နားလည်တယ်။ အဲဒီအပေါ်မှာ ဆက်လက်ပြီးတော့ စစ်အာဏာရှင်ဖြုတ်ချရေး ဆောင်ရွက်မှု ကိစ္စမှာ ပိုပြီးတောင်မှ ခက်ခဲသွားတဲ့ အပိုင်းမျိုးပေါ့ စုစုစည်းစည်းမရှိတော့ ပိုပြီးတော့ အင်းအားဟာ မရှိလာပဲနဲ့ ပိုပြီးတော့ လျော့သွားတယ်လို့ပဲ ပြန်တွေးရင်လည်း ရတာပေါ့ဗျာ။ အဲဒီလိုမျိုး ကျနော်တော့ သုံးသပ်မိတယ်။

မေး။     အခု ကရင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ကရင်လူထုအများစု ထိုင်းနိုင်ငံတစ်ဖက်ကမ်းကို စစ်ဘေးရှောင်နေရတယ်။ ဒီအရေးကိုရော ဘယ်လို လုပ်ဆောင်သင့်လဲ။

ဖြေ။     စစ်ဘေးရှောင်အရေးကတော့ဗျ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ကျနော်တို့လည်း တွေးရပြုရတာတော့ ခက်တာပေါ့လေ။ အခုက ကျနော်တို့ သိရသလောက်က ၂၀၂၂ ငြိမ်းချမ်းရေးဖိတ်ခေါ်ပွဲက သတ်မှတ်တဲ့နှစ်၊ သတ်မှတ်တဲ့ ကာလမကုန်သေးဘူးပေါ့။ KNU ကလည်း ကျနော်တို့ သိရသလောက်သူတို့ရဲ့ ဒီတစ်ကြိမ်တော့ ဒီဆွေးနွေးပွဲ ဖိတ်ခေါ်တာကို မသွားသေးဘူး။ မသွားသေးဘူးဆိုတော့ တချို့ကလည်း ဘာပြောလဲ သတ်မှတ်တဲ့ကာလ သက်တမ်းမကုန်သေးတဲ့အတွက် မသွားသေးဘူး။ မသွားသေးဘူးဆိုတဲ့ အဓိပ္ပာယ်က သူတို့ မသွားတော့ဘူး ဆိုတဲ့ဟာမဟုတ်ဘူး။ အကယ်လို့ သူတို့သွားဖြစ်တယ်၊ ငြိမ်းချမ်းသွားတယ်ဆိုရင် အခု ဒီ IDP တို့ စစ်ဘေးရှောင်တို့ ကိစ္စက ပြေလည်သွားမယ်လို့ ကျနော်ထင်တယ်ပေါ့လေ။ သို့ပေမဲ့လည်း အခုက ဒီဖက် NUG၊ PDF တို့ အပိုင်းကလည်း ဘယ်လောက်အတိုင်းအတာအထိ ပေါက်ရောက်သလဲဆိုတာ ကျနော်တို့လည်း သိပ်ပြီးတော့ ထဲထဲဝင်ဝင်မသိတဲ့ အခါကြတော့ ပြောလို့မရဘူးပေါ့။ အဲဒီအဖွဲ့တွေနဲ့လည်း ပတ်သက်နေသလားတော့ မပြောတတ်ဘူးပေါ့လေ။ ကျနော်တို့ ကရင်လက်နက်ကိုင် KNDO၊ KNU၊ နောက်ကျန်တဲ့ BGF နယ်ခြားစောင့်တပ်အပါအဝင် PDF ပေါ့။ အဲဒီဟာတွေက အကုန်လုံး ပြေပြေလည်လည်ဖြစ်သွားတဲ့ အခါကြတော့မှ ဒီကိစ္စကြီးဟာ ပြန်ပြီးတော့ အေးအေးဆေးဆေးဖြစ်သွားမည်လို့တော့ စဉ်းစားလို့ ရတာပေ့ါ။ အခု ဒီအနေအထားမျိုးဆို ရင်တော့ ဘယ်လိုမှ လုပ်လို့ မရသေးဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်ပေါ်လာမယ် စကစ ကလည်း သူ့ရဲ့ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲပြုလုပ်ပြီးတော့ သူ့ရဲ့ အနေအထား ပြောတဲ့ကတိအတိုင်း ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်တော့ အဖြေတစ်ခုခုပေါ်လာမယ်ဆိုရင်တော့ စစ်ဘေးရှောင်ကိစ္စကလည်း အဖြေတစ်ခုခုတော့ ပေါ်လာနိုင်ကောင်းတယ်လို့ ကျနော်က အဲဒီလိုပဲ တွေးကြည့်တယ်လေ။

မေး။     မြန်မာပြည်မှာ အရေးအခင်းတစ်ခုဖြစ်တိုင်း KNU မှာ အဖွဲ့သစ်တစ်ခု ခွဲထွက်တာ၊ ပေါ်လာသလို ဖြစ်နေတယ်။ ဒီကိစ္စအပေါ် ဆရာတို့ ဘယ်လို မြင်မိသလဲ။

ဖြေ။     ပြဿနာတစ်ခုခုပေါ်လာတိုင်း ၈၈ တုန်းကလည်း ဒီဖက်နယ်မြေထဲကို KNU ထိန်းချုပ်နယ်မြေထဲကို ပေါ်လာတယ်။ ပေါ်လာတော့ အထိုက်အလျှောက်ပေါ့လေ လူသားချင်းစာနာမှုနဲ့ ကူညီကြတယ်၊ နောက်ပိုင်းဘာမှ အကျိုးကျေးဇူးမရဘူးလို့ တချို့သော KNU လူကြီးတွေက အဲဒီလို သုံးသပ်ကြတော့ အခုတစ်ခေါက်လည်း လာတယ်ပေါ့လေ၊ လာတော့ ဆက်ပြီးတော့ ကူညီကြတာရှိတယ်ပေါ့။ အဲဒီကူညီကြတဲ့ အပိုင်းမှာ တချို့ကြလဲ မထူးဘူး။ ကူညီလည်း သူ့ကို ဘာမှ အကျိုးပြုမှာ မဟုတ်ဘူးလို့ ပြောတာရှိသလို တချို့ကလည်း ဒါလူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီကြမယ်။ အဲဒီကနေပြီးတော့ ခုနက စကစတွေ သတ်မှတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်း ကူညီမိသလိုလည်း ဖြစ်သွားတဲ့ အပိုင်းမျိုးတွေအပေါ်မှာ တချို့ကလည်း ဒါကိုလက်မခံဘူး၊ တချို့ကလည်း ဒါကို လက်ခံတယ်၊ ရှုတ်ရှက်ခတ်နေတာပဲ၊ အမျိုးမျိုးပေါ့လေ၊ ကျနော်တို့လည်း ဒီပါတီ တစ်ရပ်အနေနဲ့က ဘယ်လိုဖြစ်ရင်ကောင်းမလဲဆိုတာပဲ အကြံပေးလို့ရတယ်၊ ကိုယ်ထိလက်ရောက်ဝင်လို့ ကိုယ့်မှာ လက်နက်လည်းမရှိ၊ ဘာလည်းမရှိပေ့ါလေ၊ လေနဲ့ပဲ ကျနော်တို့က အကြံဥာဏ်ပေးလို့ရတယ်၊ ကျနော်တို့ လိုချင်တာတော့ ငြိမ်းချမ်းရေးပဲပေါ့ဗျာ၊ ကျနော့အမြင်ကတော့ ငြိမ်းချမ်းရေးကို ဆွေးနွေးတာ မဆွေးနွေးတာ သူတို့ရဲ့ သဘောထားလွတ်လပ်စွာကွဲလွဲနိုင်တယ်၊ ကျနော်တို့ မြင်တာကတော့ ဘာပဲဖြစ်ဖြစ်ဆွေးနွေးလိုက်ရင် တစ်ခုခုအဖြေထွက်မယ်ဆိုရင် အမြတ်ထွက်တယ်၊ ဘာမှ အဖြေမထွက်ရင်လည်း ရှုံးတော့ မရှုံးဘူးလို့ ကျနော်ထင်တယ်၊ အရင်းတော့ ကျန်တယ်၊ ဆွေးနွေးဖို့တော့ လိုတာပေါ့။ ဘာမှမဆွေးနွေးပဲ ဒီလိုပဲ နေမယ်ဆိုရင်တော့ ဘာမှန်းမသိ၊ ညာမှန်းမသိ ဒီအတိုင်းပဲ ဗိုလ်နေမြဲ ကျားနေမြဲဆိုရင်တော့ ဒီအတိုင်းပဲ ဆင်းရဲ ဒုက္ခ၊ ဒုက္ခတွေ ကြုံနေရမယ်၊ စစ်ဘေးရှောင်နေရတာတွေ ဖြစ်နေရမယ်၊ ဆွေးနွေးလိုက်ပြီး အဖြေတစ်ခုခု ထွက်မယ်ဆိုရင်တော့ ကောင်းမလားပေါ့လေ၊ ကျနော်တို့ကတော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။

မေး။     ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်မတော်တည်ထောင်တယ်၊ KNU က သူ့ကို ထုတ်ပယ်တယ်၊ ဒီအခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ နောက်ဆုံး ဘာမျှ ဖြည့်စွက် ပြောကြားလိုသေးလဲခင်ဗျ။

ဖြေ။     ကျနော်စောစောကလည်း ပြောပြီးပါပြီ။ KNU ကလည်း သူ့ကို ပဏာမ စုံစမ်းစစ်ဆေးတယ်၊ ပြီးတော့ ယာယီတာဝန်ရပ်ဆိုင်းတယ်၊ ပြီးတော့ သူ့ကို ထုတ်ပယ်လိုက်ပြီးတော့ သူ့နေရာမှာလည်း လူစားထိုးခန့်လိုက်တဲ့ အပေါ်မှာ ပြည်လည်ညှိနှိုင်းဆောင်ရွက်ဖို့ကတော့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်၊ ဖြစ်နိုင်ရင်တော့ သူတို့ ပြန်လည်ညှိနှိုင်းဆောင်ရွက်ပြီးတော့ ကရင်အချင်းချင်းပေါ့လေ၊ ဒါ တိုင်းရင်းသား အချင်းချင်း တစ်ခုတစ်စည်းထဲ ပြန်လည်တွေ့ဆုံနိုင်ရင်တော့ ပူးပေါင်းနိုင်ရင်တော့ ကောင်းတယ်၊ ဒါပေမဲ့ လူသားတွေပဲ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့ခံယူချက်၊ ကိုယ့်ခံယူချက်ရှိတယ်၊ လွတ်လပ်စွာ သဘောထား ကွဲနေကြတဲ့ အပေါ်မှာ သူတို့ရဲ့ အနေအထားကို ကျနော်တို့လည်း ဝင်ပြီးတော့ ပြောလို့တော့ မရဘူး၊ ကျနော်တို့ သဘောထား အခုပေးလိုက်ရုံပဲရှိတယ်၊ ဖြစ်နိုင်ရင် ပူးပူးပေါင်းပေါင်းစည်းစည်းရုံးရုံးနဲ့ တစ်စားပွဲထဲရှိတာတော့ အကောင်းဆုံးပဲလို့ ကျနော်တို့ကတော့ အဲဒီလိုပဲ သတင်းပို့လိုက်ချင်တယ် သူတို့ကို။

မေး။     ဟုတ်ကဲ့ အခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဆရာ မန်းအောင်ပြည်စိုးကို မွန်သတင်းအေဂျင်စီက အထူးပဲကျေးဇူးတင်ရှိပါတယ်။

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...