ဇမိမြစ်ရေကြီးမှုကြောင့် ဘုရားသုံးဆူသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများ ယာယီရပ်နား

ဇမိမြစ်ရေကြီးမှုကြောင့် ဘုရားသုံးဆူသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများ ယာယီရပ်နား

မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ ဘုရားသုံးဆူမြို့သို့ သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များမှာ ဇမိမြစ်ရေ ပြန်လည်ကျဆင်းခြင်း မရှိသေး သဖြင့် ယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရသည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ဇမိမြစ်ရေလျှံကာ ရေစီးသန်နေသဖြင့် ကူတိုးဆိပ်ကမ်း၊ ရေလဲ၊ ဓနုံး၊ ဝေသာလီနှင့် ဗေဒါကြီး ဆိပ်ကမ်းတို့တွင် ဖောင်များဖြင့် ဖြတ်သန်းသွားလာ၍ မရသေးပေ။

မုဒုံမြို့မှ ယာဉ်မောင်းတစ်ဦးက “ဘယ်လမ်းပိုင်းမှသွားလာလို့ မလွယ်ဘူး၊ ဖောင်ကမကူးပေးဘူး။ ရေစီးသန်လို့ လောလောဆယ်နားထားရမယ် သုံးလေးရက် လောက် ကြာအုံးမယ်ထင်တယ်။ မုဒုံကနေ စီးလို့ရသလောက် စီး လာပြီး လှေနဲ့အဆင့်ဆင့် သွားတာပေါ့နော်၊ လှိုင်ကနီမှာကားတွေ သောင်တင်နေဆဲ ပစ္စည်းနဲ့ကား အဲ့မှာထားပြီး လူကလှေနဲ့ ပေးဖြတ်တယ်” ဟု ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ လှိုင်ကနီနှင့် တောင်ပေါက်အကြားတွင် ရေကြီးမှုကြောင့် ကုန်ပစ္စည်းတင်ဆောင် ထားသည့် ယာဉ်အစီးရေ ၂၀ ထက်မနည်း ပိတ်မိနေသည်။

လမ်းခရီး ကြန့်ကြာသည့်အပြင် အဆင့်ဆင့် လိုက်ပါစီးနင်းနေရသဖြင့် ခရီးစရိတ် ပိုမိုကုန်ကျနေကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

ခရီးသည်တစ်ဦးက “လှိုင်ကနီကနေ တောင်ပေါက်အထိကို လှေစီးခက တစ်ယောက်ကို ၈၀၀၀ ကျပ် တောင် ပေါက်ကနေ ကားခ နှစ်သိန်းပေါ့ ပြန်ငှားရတယ်။ ထီးပတ်လည်ရောက်တယ် အဲ့ကနေ ရေလဲ အထိ တစ်ယောက် တစ်သောင်းပေါ့။ ပစ္စည်းကတော့ လှေနဲ့တင်ဖို့မလွယ်လို့ တင်လို့မရသေးဘူး၊ ဘုရားသုံးဆူမှာ လည်း ပစ္စည်းတင်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှု ရပ်နားထားရပြီး ကျိုက်မရော၊ စံပယ်ဂူ လမ်းပိုင်းဘက်၌လည်း စစ်ဆေးမှုများ တင်းကြပ်နေသဖြင့် ကုန်တင်ယာဉ်များနှင့် ခရီးသည်များ သွားလာနိုင်ခြင်း မရှိသေးပေ။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ရပ်နားနေသဖြင့် ဘုရားသုံးဆူဘက်သို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး လက်ကျန်ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာနိုင်သည့်အပြင် ကုန်ပစ္စည်း ပြတ်လပ်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း ကုန်ကားမောင်းသူများက ပြောသည်။

မုဒုံ-အဘစ်-ဘုရားသုံးဆူ လမ်းပိုင်းတွင် ရာနှင့်ချီသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေကြပြီး မိုးတွင်းကာလ၌ ကားလမ်းများ ပျက်စီးကာ သွားလာရေး အခက်အခဲများနှင့် နှစ်စဉ် ကြုံတွေ့နေကြရသည်။

ဓာတ်ပုံ - Nay Lin Aung

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...