နိုင်ငံရေးမူဝါဒလမ်းစဉ်ကြောင့် KRUတပ်ပေါင်းစုမှ KGZ တပ်ဖွဲ့ ပြန်လည်နှုတ်ထွက်

နိုင်ငံရေးမူဝါဒလမ်းစဉ်ကြောင့် KRUတပ်ပေါင်းစုမှ KGZ တပ်ဖွဲ့ ပြန်လည်နှုတ်ထွက်

တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ Karenni Generation Z ( KGZ ) Volunteer Fighters အဖွဲ့ဟာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတစ်ခုဖြစ်တဲ့ ( KRU ) ကနေ နှုတ်ထွက်လိုက်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့မှ ထုတ်ပြန်ခဲ့ပါတယ်။

“တော်လှန်ရေးအလွန်ကာလပြီးရင် ကျနော်တို့နိုင်ငံရေးပါတီတစ်ရပ်နေထိုင်ရမယ် KRU နဲ့ဆို။ အဲ့လိုပုံစံခါကျတော့ ကျနော်တို့လည်း မလိုချင်ဘူး။ အာဏာရှင်ပြုတ်ကျအောင်ပဲတွန်းလှန်မယ်။ ကိုယ့်ကိုယ်ပဲရပ်တည်မယ် Volunteer နဲ့ပဲသွားမယ်။ တော်လှန်ရေးပြီးရင်လည်း ကျနော်တို့လက်နက်ဖြုတ်သိမ်းဖို့ အစီအစဉ်ရှိတယ်ကော အဲ့ဒါကြောင့်မလို့ အဲဒီအစီအစဉ်အတိုင်းပဲသွားမယ်ပေါ့။ KRU နဲ့ဆက်လက်လက်တွဲမယ်ဆိုရင် မဖြစ်နိုင်တော့ဘူးဆိုတာ နိုင်ငံရေးလမ်းစဉ်တွေပါလာမှာစိုးရိမ်လို့ပေါ့နော။ ဒါကြောင့်မလို့ အခြားပြဿနာတော့မရှိဘူး ဒီတိုင်းပဲ ညှိပြီးတော့ ကျနော်တို့ထွက်လိုက်တာပါ။” လို့ KGZ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KGZ က မြေပြင်တိုက်ပွဲမှာ ပရဟိတတပ်ဖွဲ့တစ်ခုအဖြစ်သာ လုပ်ရှားနေတာကြောင့် KRU တပ်ပေါင်းစုက သွားမယ့် နိုင်ငံရေးမူဝါဒလမ်းစဥ်ဟာ KGZ ချမှတ်ထားတဲ့ အခြေခံမူထဲမပါဝင်တာကြောင့် ပြန်လည်နှုတ်ထွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

KGZ ပရဟိတတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံမူမှာ “ကရင်နီပြည်တွင်းရှိ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ခိုက်သွားမည်။ ပြည်သူလူထုသဘောဆန္ဒနဲ့အညီ ကျင့်ကြံနေထိုင်သွားမည်။ နွေဦးတော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့အထိ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်။ တော်လှန်ရေးပြီးဆုံးတဲ့အချိန်မှာ ကရင်နီပြည်နယ်အတွင်း နယ်မြေစိုးမိုးရေး၊ အာဏာရရှိရေးတို့နဲ့ ပတ်သက်ပြီး Karenni Generation Z (KGZ) Volunteer Fighters အဖွဲ့ဟာ လုံးဝ(လုံးဝ) ပတ်သက်ခြင်းရှိမှာ မဟုတ်ပါ။ KGZ ဟာ တော်လှန်ရေးကြီးအောင်မြင်ပြီးဆုံးတဲ့အထိတပြိုင်နက် လက်နက်များ ဖြုတ်သိမ်းခြင်းကိစ္စအဝဝကို ပြည်သူ့ဆန္ဒအလျှောက် ဆောင်ရွက်သွားမည်။” စတဲ့အချက်တွေဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ KRUတပ်ပေါင်းစုမှ ဆွေးနွေးနေတာရှိတာကြောင့် နိုင်ငံရေးလမ်းစဉ်ထဲမပါဝင်လိုတဲ့အတွက် နှုတ်ထွက်ခွင့်တောင်းတာဖြစ်တယ်လို့ KRU တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဒီနိုင်းက ပြောပါတယ်။

“ကျနော်တို့ ဒီလောလောဆယ်တော့ NUG အောက်ကနေ တိုက်ရိုက်သွားနေတဲ့ ဒီ DMO-PDF နဲ့ဆိုရင် ကျနော်တို့က မဟာမိတ်ပေါ့နော။ အဓိကကတော့ သူတို့ လမ်းစဥ်သွားတဲ့အတိုင်းပါပဲ။ ဒီ KRU ဆိုတာကကျနော်တို့ အသိအမှတ်မပြုလို့မရတဲ့ အ‌ခြေအနေမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အစိုးရသစ်တစ်ရပ်ထူထောင်တဲ့နေရာမှာ အားဖြည့်ဖို့ပေါ့။ အဲ့တော့ အခုချိန်မှာ ကျနော်တို့ သတ်မှတ်စရာ အစိုးရဆိုလို့ NUG ပဲရှိတယ်။” လို့ KRU တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဒီနိုင်းက ပြောပါတယ်။

အခုလိုနှုတ်ထွက်သွားပေမယ့် စစ်အာဏာရှင်ကျရှုံးရေးအတွက် မြေပြင်တိုက်ပွဲတွေမှာ KRU တပ်ပေါင်းစုနဲ့အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KGZ က ပြောဆိုထားတာရှိပါတယ်။

စစ်အာဏာရှင်စနစ်ကျရှုံးတဲ့အထိ KGZ အဖွဲ့ဟာ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနစ် ဧပြီလ ၆ရက်နေ့က KGZ ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ JPDF၊ GZ-21 ( Loikaw )၊ Medic Unit ၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ( KRU ) ကို ပူးပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ KRUတပ်ပေါင်းစုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO-PDF) ကမဟာမိတ်တပ်ပေါင်းစုအဖွဲ့အဖြစ် စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...