ပုသိမ်မြို့တွင် စစ်အုပ်စုခေါင်းဆောင်ရောက်ရှိနေ၍ စစ်တပ်နှင့် ရဲအင်အားအများအပြား လုံခြုံရေးချထား

ပုသိမ်မြို့တွင် စစ်အုပ်စုခေါင်းဆောင်ရောက်ရှိနေ၍ စစ်တပ်နှင့် ရဲအင်အားအများအပြား လုံခြုံရေးချထား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည့်အတွက် စစ်ကောင်စီတပ်သားများနှင့် ရဲအင်အား အများအပြား မြို့ပေါ်နေရာအနှံ့အပြားတွင် လုံခြုံရေးချထားကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် ခြောက်ခရိုင်မှ ရဲများကို ခွဲတမ်းချခေါ်ယူကာ ပုသိမ်မြို့ပေါ်၌ လုံခြုံရေး ချထားသည့်အပြင် မြို့ပေါ်နေရာအချို့တွင် စစ်ကောင်စီတပ်များလည်း တပ်စွဲကာ လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်သည်။

"ကျန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်လောက်ကတည်းက ပုသိမ်မှာ လုံခြုံရေးတွေအများကြီးချထားတာ တွေ့တယ်။ မနေ့က ဇူလိုင်လ ၄ ရက်နေ့ ကတော့ စစ်ကားတွေနဲ့ အိမ်စီးကား အစီးနှစ်ဆယ်ကျော်နဲ့ ပုသိမ်မြို့က နေရာတစ်ချို့ကို လျှောက်သွားနေမှ မင်းအောင်လှိုင် လာတယ်ဆိုတာသိကြတာ။ အဲ့ဒါကြောင့် လုံခြုံရေးကိုထောင်နဲ့ချီပြီးသုံးထားတာ ဖြစ်မယ်"ဟု ဒေသခံကဆိုသည်။

စစ်အုပ်စုခေါင်းဆောင်သည် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်ဟု သိရပြီး၊ ဧရာဝတီတိုင်းအစိုးရရုံးရှိရာနေရာ တစ်ဝိုက်ကို လမ်းများပိတ်ဆို့ကာ ကုန်သည်လမ်းမကြီးပေါ်ရှိ ဧရာရွှေဝါခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများအား ခေါ်ယူတွေ့ဆုံခဲ့သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြော သည်။

အဆိုပါ တွေ့ဆုံမှုတွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကဌာနဆိုင်ရာ ဝန်ထမ်းများအား စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးတက်အောင်လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ပြီး ဧရာဝတီတိုင်းအတွင်း စက်မှုသင်တန်းကျောင်းများနှင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းများဖွင့်လှစ်သွားမည်ဟုပြောခဲ့ကြောင်း ၎င်းကဆိုသည်။

၎င်းအပြင် စစ်အုပ်စုခေါင်းဆောင်သည် ဇူလိုင်လ ၄ ရက်နေ့က ပုသိမ်မြို့လေတပ်စခန်းရှိ ကြက်ခြံ၊ ဘဲခြံများကို သွားရခဲ့ပြီး စစ်တပ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း အမည်မဖော်လိုသူဝန်ထမ်းက ဆိုသည်။

ထို့နောက် ယနေ့ ဇူလိုင်လ ၅ ရက်နေ့ မနက် ၇ နာရီခန့်အချိန်က ရဟတ်ယာဉ် သံများကြားရပြီးနောက် ပုသိမ်မြို့ပေါ်တွင် လုံခြုံရေးလျှော့နည်းသွားသည်ဟု ဒေသခံများကပြောသည်။

"ဟိုင်းကြီးကျွန်းမှာရှိတဲ့ ရေတပ်စခန်းဌာနချုပ်ကို သွားတယ်လို့လည်းကြားတယ်၊ပြန်သွားပြီလို့လည်း ကြားတယ် သေတော့မသေချာဘူး၊ ပုသိမ်ကိုလာတာတောင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လုံခြုံရေး(စစ်သားနှင့်ရဲ)များကို ပေးမသိဘူး စောင့်ဆိုလို့သာ စောင့်နေကြရတာ၊ တိုင်းမှူးနဲ့ စစ်ကောင်စီရဲ့အကြီးပိုင်းတွေလောက်ပဲ သိလောက်တယ်"ဟု အမည်မဖော်လိုသူ ဝန်ထမ်းကဆိုသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...