သီပေါတွင် စစ်အုပ်စုက ဆက်ကြေးကောက်ခံပြီး မပေးနိုင်သူများ ဖမ်းဆီးခံနေရ

သီပေါတွင် စစ်အုပ်စုက ဆက်ကြေးကောက်ခံပြီး မပေးနိုင်သူများ ဖမ်းဆီးခံနေရ
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)

ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ် များထံမှ စစ်အုပ်စုနှင့် ရဲတပ်ဖွဲ့ဝင်များက ဂိတ်အလိုက် ငွေကြေးများကို အဓမ္မကောက်ခံနေကြောင်း ကုန်တင်ကား မောင်းနှင်သူများက ပြောသည်။

အဆိုပါတောင်းခံသည့် ငွေကြေးကို မပေးဆောင်နိုင်ပါက ကားနှင့် ကားပေါ်ပါ ကုန်ပစ္စည်းများကို သိမ်းဆည်းကာ ရဲလက်သို့ အပ်နှံခြင်းများ ပြုလုပ်နေကြပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုပါ ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေသည်။

ထိုသို့ ဖမ်းဆီးခံထားရသူမှာ ဇူလိုင်လမှ ဩဂုတ်လ ပထမပတ်အတွင်း ၁၀ ဦးခန့်အထိ ရှိလာပြီဖြစ်ပြီး ငွေကြေး ပေးဆောင်ကာ ပြန်လည်ရွေးချယ်နိုင်သူအချို့မှာမူ ကားနှင့်ကုန်ပစ္စည်းအချို့ ပြန်လည်ရရှိကာ လွတ်မြောက် လာကြသည်။

ကားသမားတစ်ဦးက “တရက်ကို ကုန်တင်ကားက ၂၀၊ ၂၅ စီးခန့်ထိ ရှိတယ် ဖြတ်သွားတဲ့ကားက၊ အဲ့လမ်း ကြောင်း လားရှိုးပြန်သိမ်း ပြီး လမ်းကြောင်းပြန်ရပြီးကတည်းက ဂိတ်တွေဖွင့်တာ။ တရုတ်ပစ္စည်းတွေ သယ် လာတယ်ဆိုပြီး ငွေမပေးနိုင်တဲ့ ကားသမားတွေကို ရဲလက်အပ်တယ်” ဟု ပြောသည်။

ခရီးလမ်းတစ်လျှောက်တွင် ငွေကြေးကောက်ခံသည့် စစ်ဆေးရေးဂိတ် ငါးဂိတ်ခန့်ရှိနေပြီး တစ်ဂိတ်လျှင် ကားအမျိုးအစားပေါ် မူတည်ကာ အနည်းဆုံး ကျပ် ၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ကောက်ခံနေကြသည်။

ဂိတ်တစ်ဂိတ်လျှင် ၁၂ ဘီးကားတစ်စီးလျှင် ကျပ် ၂၀၀,၀၀၀ နှင့် ခြောက်ဘီးကားတစ်စီးလျှင် ကျပ် ၁၅၀,၀၀၀ အထိ ကောက်ခံနေခြင်းဖြစ်သည်။

ထိုဂိတ်ကြေးများအပြင် ဗျူဟာမှူးကြေးအဖြစ် ၁၂ ဘီးကားတစ်စီးလျှင် ကျပ် ၂၅ သိန်းနှင့် ခြောက်ဘီးကား တစ်စီးလျှင် ကျပ် ၁၅ သိန်းအထိပါ အခွန်အခသဘောမျိုး တောင်းခံနေရကြောင်း ကားသမားများက ဆိုသည်။

အခြား ကားသမားတစ်ဦးကလည်း “နားမဂိတ်မှာ ဗိုလ်မှူးမျိုးမင်း၊ လှုပ်ရှားဂိတ်မှာ ဒုတပ်ကြပ်ချစ်မင်းကို၊ စာသင်ကျောင်းဂိတ်မှာ ဗိုလ်နေမျိုးထွန်း၊ ကျောက်ဂူအထွက်ဂိတ်မှာ ရဲဘော်မောင်ထွေးတို့က တောင်းတယ်။ တပ်ရင်းမှူးဝင်းသူအောင်ကိုလည်း ဗျူဟာမှူးကြေးဆိုပြီး ပေးရတယ်။ တပ်ရင်းဗိုလ်ကြီးဝေဖြိုးသက်နဲ့ ဗိုလ်ကြီးသက်နိုင်ဦးတို့လည်း တောင်းတဲ့အထဲပါတယ်။ မပေးရင် ရဲလက်အပ်တယ်” ဟု ဆက်ပြောသည်။

ပုန်းညှာကျေးရွာအနီးရှိ ပုန်းညှာဂိတ်၊ ကော်ကြီးဂိတ်၊ နားမဂိတ်၊ နမ့်လန်အဝင်ရှိ လှုပ်ရှားဂိတ်၊ ကျူတော စာသင် ကျောင်းအနီးဂိတ်နှင့် ကျောက်ဂူအထွက်ဂိတ်တို့တွင် စစ်အုပ်စုက စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ယခုကဲ့သို့ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း ကားသမားများက ဆိုကြသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကားသမားများအတွက် သက်ဆိုင်ရာများအနေဖြင့် တရားမျှတမှုကို ဖော်ဆောင်ပေးစေလိုကြောင်းလည်း ၎င်းတို့က တောင်းဆိုထားကြသည်။

Most read this week

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...