စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့် အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နမ်ပေါင်မြို့တို့အကြား ပြန်လည်ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းမှာ နယ်စပ်ဈေးဖွင့်လှစ် ခြင်းသာဖြစ်ပြီး နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း အရှေ့ပိုင်းနာဂအမျိုးသမီးများအသင်း (ENWA) က ပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဈေးကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ခြောက်နှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီးနောက် ဇူလိုင်လ ၃၀ ရက်နေ့က စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။
အဆိုပါနယ်စပ်ဈေးကို လစဉ် ၁၀ ရက်၊ ၂၀ ရက်နှင့် ၃၀ ရက်တို့တွင် ဖွင့်လှစ်ရန် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ် ထားခြင်း ဖြစ်သည်။
ENWA တာဝန်ရှိသူက “နယ်စပ်ဈေးဖွင့်တာနဲ့ ဂိတ်ဖွင့်တာ မတူဘူး။ ဂိတ်ဖွင့်တယ်ဆိုတာ ဒေသခံတွေ လွတ်လပ် စွာ ကူးသန်းသွားလာခွင့်၊ ရောင်းဝယ်ခွင့် ရှိရမယ်။ နောက်ပြီး ကန့်သတ်ချက်မျိုးတွေ မရှိဖို့ အရေးကြီးတယ်။ နယ်စပ်ဂိတ်ဖွင့်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူအယောက် ၃၀ ပဲ ဝင်ခွင့်ပေးတာမျိုး၊ ကန့်သတ်ချက် အများ ကြီး ချထားတာမျိုးကို နယ်စပ်ဂိတ်ဖွင့်တယ်လို့ မယူဆဘူး။ နယ်စပ်ဈေးဖွင့်တာ ဟုတ်တယ်၊ နယ်စပ်ဂိတ် ဖွင့်တယ်လို့ ကျမတို့ မပြောနိုင်ဘူး” ဟု မဇ္ဈိမသတင်းဌာနသို့ ပြောသည်။
နာဂဒေသသည် ဘိုးဘွားအစဉ်အဆက် လွတ်လပ်စွာ သွားလာခဲ့သည့် ဒေသဖြစ်ပြီး ယခုကဲ့သို့ ကန့်သတ်ချက် များဖြင့် ဝင်ထွက်ခွင့်ပြုနေခြင်းကို လူအများစုနှင့် သတင်းမီဒီယာအချို့က နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းဟု နားလည်မှု လွဲနေကြကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်သို့ ဈေးဝယ်ရန်နှင့် အလည်အပတ်သွားရောက်ရန် တစ်ရက်လျှင် လူဦးရေ ၃၀ ကို သာ ဝင်ခွင့်ပြုထားသည်။
ကုန်ပစ္စည်းများ သယ်ယူရာတွင်လည်း မုန့်ဖာဆိုပါက နှစ်ဖာသာ သယ်ဆောင်ခွင့်ပြုထားပြီး ဓာတ်ဆီနှင့် ဆေးဝါး ကဲ့သို့သော အဓိကလိုအပ်သည့် ပစ္စည်းများကို ဝယ်ယူနိုင်သော်လည်း သယ်ဆောင်ခွင့်မပြုဘဲ နယ်စပ်ရှိ အိန္ဒိယ စစ်သားများက ပြန်လည်သိမ်းဆည်းမှုများ ရှိနေကြောင်း ENWA တာဝန်ရှိသူက ဆိုသည်။
အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဈေး ပြန်လည်ဖွင့်လှစ်ခြင်းကို ကြိုဆိုသော်လည်း ကန့်သတ်ချက်များစွာဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ လူနည်းစုအတွက်သာ အကျိုးဖြစ်စေသည့်စနစ် မဖြစ်စေရန် လိုအပ်ကြောင်း ENWA က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ မတိုင်မီကကဲ့သို့ ဒေသခံများကို လွတ်လပ်စွာ သွားလာကူးသန်း ရောင်း ဝယ်ခွင့် ပြန်လည်ပေးအပ်ရန်၊ နယ်စပ်ဂိတ်များကို ဌာနေနာဂလူမျိုးများ၏ အခွင့်အရေးနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးရန် တိုက်တွန်းထားသည်။
ထို့ပြင် ကုန်ပစ္စည်းသယ်ယူမှုအပေါ် ချမှတ်ထားသည့် မလိုအပ်သော ကန့်သတ်ချက်များကို ဖယ်ရှားပေးရန်နှင့် နာဂလူမျိုးများ မလိုလားသည့် နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများကို အမြန်ဆုံးရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။
ENWA အနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကိုအခြေခံ၍ နယ်စပ်ဈေးကိစ္စနှင့် နာဂလူမျိုးများကို ပိုင်းခြား စေမည့် ခြံစည်းရိုးခတ်ခြင်းများ ရပ်တန့်ရေး တောင်းဆိုချက်များအပေါ် သက်ဆိုင်ရာဘက်က ဆောင်ရွက်မှုရှိ မရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး တောင်းဆိုချက်များ မရမချင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောသည်။
ပန်ဆောင်နယ်စပ်ဈေး ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားသို့ အရူနာချာပရာဒေ့ရှ်ပြည်နယ် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဘက်မှ ညီညွတ်သောတန်ရှန်းနာဂကောင်စီ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် နယ်စပ်ဈေးရောင်းဝယ်ရေးဆိုင်ရာ အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိခဲ့ သော်လည်း နှစ်နိုင်ငံရှိ တန်ရှန်းနာဂများက နယ်စပ်ဈေးကို ရေရှည်ဆက်လက်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသထွက်ကုန် များ၏ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ညီညွတ်သောတန်ရှန်းနာဂကောင်စီက ထုတ်ပြန်ထား သည်။
ဓာတ်ပုံ - ညီညွတ်သောတန်ရှန်းနာဂကောင်စီ (အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဈေးမြင်ကွင်း)







