မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက် အန္တရာယ် သို့မဟုတ် ဖိနှိပ်ခံရနိုင်ခြေရှိသူများကို ပြန်လည်ပို့ဆောင်မည် မဟုတ်ကြောင်း အစိုးရဘက်က ထုတ်ဖော် ပြောဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာ လူနည်းစု အပါအဝင် ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံရန် သဘောတူထားကြောင်း ပြောဆိုခဲ့ပြီးနောက် အဆိုပါအစီအစဉ်အပေါ် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖာဟ်မီ ဖာဇ်လ်က ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံအနေဖြင့် တာဝန်ရှိသည့်နိုင်ငံတစ်နိုင်ငံအဖြစ် ဒုက္ခသည်များအား ပြန်လည် ပို့ဆောင်မည့် ကိစ္စတွင် ၎င်းတို့အပေါ် ဖိနှိပ်မှု သို့မဟုတ် အသက်အန္တရာယ် ရှိ၊ မရှိကို စိစစ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“သူတို့ကို ပြန်ပို့ပြီးနောက် ဖိနှိပ်ခံရနိုင်မယ်၊ အသက်အန္တရာယ်ရှိနိုင်မယ်ဆိုရင် မလေးရှားက ပြန်ပို့မှာ မဟုတ်ပါ ဘူး” ဟု ဖာဟ်မီက ပြောသည်။
၎င်းက မြန်မာစစ်အာဏာပိုင်များဘက်မှ ပြန်လည်လက်ခံရန် အသင့်ရှိကြောင်း ပြောဆိုထားသော်လည်း ပြန်လည်ပို့ဆောင်ရေး စံနှုန်းများနှင့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆိုသည်။
“သင့်လျော်တဲ့ အခြေအနေရှိမှသာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
မြန်မာစစ်အုပ်စု ဘက်ကမူ အဆိုပါ ပြန်လည်လက်ခံရေး အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ပြောဆို ထားခြင်း မရှိသေးပေ။
မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မှတ်ပုံတင်စာရင်းအရ ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၂၁၅,၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁၂၆,၀၀၀ ကျော် ပါဝင်နေသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများအနက် အများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာ စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအပြီး ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသူ များ ဖြစ်ကြသည်။
မလေးရှားအစိုးရ၏ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်မှာ ပြီးခဲ့သည့်သီတင်းပတ်က ကွာလာလမ်ပူမြို့ရှိ UNHCR ရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ ဒုက္ခသည်များသည် ပီနန်ပြည်နယ်မြောက်ပိုင်းရှိ ယာယီနေထိုင်ရာနေရာမှ ဖယ်ရှားခံရမည့် အခြေအနေ ကြောင့် UNHCR ရုံးသို့ သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် UNHCR မှ ထုတ်ပေးထားသည့် စာရွက် စာတမ်းများ တရားဝင်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
မလေးရှားအစိုးရပိုင် သတင်းဌာန Bernama ၏ ဖော်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာနသည် ပြန်လည် ပို့ဆောင်ရေး အစီအစဉ်အတွက် ဒုက္ခသည်များကို စာရင်းကောက်ယူခြင်းနှင့် စိစစ်ခြင်းများကို စတင်နေပြီ ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင်း အစ္စမေးလ်က လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင်ရှိသည့် လူ ၄,၀၀၀ ခန့်ကို စိစစ်ပြီးနောက် စီမံခန့်ခွဲမှုလွယ်ကူစေရန် စခန်း ၁၉ ခုအစား စခန်းတစ်ခုတည်းတွင် စုစည်းထား မည်ဟု ပြောဆိုထားသည်။
သို့သော် မလေးရှားနိုင်ငံ၏ အဓိက ရိုဟင်ဂျာအရေး လှုပ်ရှားသည့်အဖွဲ့များက အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းရန် တောင်းဆိုထားပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ပါက ၎င်းတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် အထူးစိုးရိမ်ရ ကြောင်း သတိပေးထားကြသည်။
မလေးရှား၏ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေ၊ အထူး သဖြင့် ရိုဟင်ဂျာများ၏ လုံခြုံရေးအခြေအနေအပေါ် နိုင်ငံတကာ၏ စောင့်ကြည့်မှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မလေးရှားအစိုးရက အသက်အန္တရာယ်ရှိသူများကို ပြန်မပို့ရန် ကတိပြုထားသော်လည်း မြန်မာနိုင်ငံတွင် စစ်ရေး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေး ပြဿနာများကို မဖြေရှင်းနိုင်သေး သည့်အတွက် အဆိုပါအစီအစဉ်အပေါ် လူ့အခွင့်အရေးအဖွဲ့များ၏ စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။







