ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေအိမ် ချိပ်ပိတ်ခံရ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေအိမ် ချိပ်ပိတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး၏ နေအိမ်ကို  ဇွန်လ ၂၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ချိပ်ပိတ်လိုက်ကြောင်း သိရသည်။

အသက် ၅၈ နှစ်ခန့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး မှာ ပင်းတယမြို့နယ်၊ ပေါက်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၃၀ ခန့်ရှိသော သားဖြစ်သူ သမဝါယမ CDM ဝန်ထမ်း ကိုနေမျိုးထက်နှင့်အတူ သားအမိ နှစ်ဦးလုံး ပြီးခဲ့သည့်မတ်လ ၁၄ ရက် ည ၁၀ နာရီခန့်က နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီးနောက် နေအိမ်ချိပ်ပိတ်ခံခဲ့ရခြင်း ဖြစ်သည်။

''စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့)တွေက ဒေါ်မမလေးကို ခံဝန်လက်မှတ် အတင်းအဓမ္မ ထိုးခိုင်းထားတယ်လို့ကြားတယ်။ ခံဝန်ထဲမှာ ဘယ်အချက်တွေ ပါတယ်တော့ မသိရဘူး။ ခံဝန်ဘယ်လိုထိုးထိုး ဖမ်းတာက ဖမ်းတာပါပဲ။ သားအမိ နှစ်ယောက်လုံး ခုထိ မလွတ်ပေးသေးပါဘူး။ ဒေါ်မမလေးရဲ့ အိမ်ကို ဒီနေ့ညနေက စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့)တွေ လာပြီးချိပ်ပိတ်သွားတာပါ'' ဟု ပင်းတယ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်မမလေးမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ နှစ်တို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးမှာ ပင်းတယရှိ NLD ကိုယ်စားလှယ်များထဲတွင် ပထမဆုံးဖမ်းဆီးခံရသူဖြစ်ပြီး ယခုလက်ရှိတွင် သားဖြစ်သူနှင့်အတူ ပင်းတယ ရဲစခန်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပင်းတယမြို့တွင် စစ်ကောင်စီတပ်မှ နေအိမ်ချိပ်ပိတ်သည်မှာ နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပင်းတယမြို့အနောက်ပိုင်း တောင်ရွှေပုထိုး ကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်၏ နေအိမ်နှင့် ၎င်း၏ညီမဖြစ်သူနေအိမ်တို့မှာ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ချိပ်ပိတ်ခံရပြီး ဇွန်လ ၂၅ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး၏ နေအိမ်ချိပ်ပိတ်ခံထားရခြင်း ဖြစ်သည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...