လက်ရှိအခင်းအကျင်းကို ဘယ်လိုဆက်လုပ်သင့်ကြောင်း DKBAကို စစ်ခေါင်းဆောင်က မေးမြန်းခဲ့

လက်ရှိအခင်းအကျင်းကို ဘယ်လိုဆက်လုပ်သင့်ကြောင်း DKBAကို စစ်ခေါင်းဆောင်က မေးမြန်းခဲ့

အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့ တွေ့ဆုံရာတွင် လက်ရှိဖြစ်ပေါ်နေသည့်အခင်းအကျင်းပေါ်တွင် မည်သို့ ရှေ့ဆက် လုပ်ဆောင်သင့်ကြောင်း စစ်ခေါင်းဆောင်က မေးမြန်းခဲ့သည်ဟု သိရသည်။

စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံရာတွင် DKBAဘက်မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောစတီးနှင့် အခြားအဖွဲ့ဝင်များ တက်ရောက်ခဲ့ရာတွင် စစ်ခေါင်းဆောင်က ယခုကဲ့သို့ သဘောထားမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ပြောရေးဆိုခွင့်ရှိသူ စောစိန်ဝင်းက မဇ္ဈိမကိုပြောသည်။

“တပ်ချုပ်ကတော့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းအပေါ်မှာ ဘယ်လိုရှေ့ဆက်လုပ်သင့်တယ်ဆိုတဲ့ ကျနော်တို့ ဆီက အမြင်သဘောထားတွေကို မေးတယ်။ နောက်တော့ သူ သွားချင်တဲ့ ဆန္ဒကို ပြောပြတယ်“ ဟု ၎င်းကဆိုသည်။

DKBA နှင့် စစ်ခေါင်းဆောင်တို့အကြား မိနစ်လေးဆယ်ကြာ တွေ့ဆုံခဲ့ပြီးနောက် စစ်တပ်၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှစ်ရက်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲပြီးနောက်တွင် စစ်ကောင်စီက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်များရရှိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှ တစ်ဆင့်ထုတ်ပြန်ခဲ့သည်။

သဘောတူညီချက်များနှင့်ပတ်သက်ပြီး DKBAပြောရေးဆိုခွင့်ရှိသူက “သဘောတူညီချက်ရယ်လို့ ထူးထူးခြားခြားမရှိဘူး။ အဓိကကတော့ သူတို့က တစ်ဖွဲ့ချင်းစီရဲ့ အမြင်သဘောထားတွေကို စုစည်းချင်တဲ့ သဘောပဲ ။ ဆိုလိုတာက အနာဂတ်သွားမယ့် နိုင်ငံရေးအခင်းအကျင်းကို DKBAရဲ့ အမြင်က ဘယ်လိုရှိတယ်။ ဘယ်အဖွဲ့ကဘယ်လိုရှိတယ် သူတို့က စုစည်းတုန်းပဲ ။ အဲဒီအပေါ်မှာ ဆုံးဖြတ်ချက်မချသေးဘူး” ဟု ဆိုသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မေလ တတိယအပတ်ကတည်းက စတင်ကျင်းပနေပြီး လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLAPC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA( မိုင်းလား ) နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO) တို့ကို တွေ့ဆုံပြီးဖြစ်သည်။

တွေ့ဆုံသည့်အခါများတွင် စစ်ကောင်စီသည် တွေ့သည့် အဖွဲ့တိုင်းနှင့် ဖက်ဒရယ်ရေးရာကိစ္စများကို ဆွေးနွေးကြောင်းနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းများပြုလုပ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်ပြန်လေ့ရှိသည်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့် စစ်ကောင်စီက ဇွန်လ ၁၄ရက်နေ့၌ ဆွေးနွေးပွဲတက်ရောက်ခြင်း မရှိသေးသည့် အဖွဲ့များကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံဆက်သွယ်ကြရန်လည်း ထုတ်ပြန်ထားသေးသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...