လာဘ်စားမှုဖြင့် စစ်ကောင်စီ၏ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်းနှင့် တိုင်းအတွင်းရေးမှူးတို့ အဂတိဖြင့် အမှုဖွင့်ခံရ

လာဘ်စားမှုဖြင့် စစ်ကောင်စီ၏ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်းနှင့် တိုင်းအတွင်းရေးမှူးတို့ အဂတိဖြင့် အမှုဖွင့်ခံရ

ကျပ်သိန်း ထောင်ကျော်လာဘ်စားမှုဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို အမှုဖွင့်ထားကြောင်း စစ်ကောင်စီ၏အဂတိကော်မရှင်က ထုတ်ပြန်သည်။

လူအသေအပျောက်များခဲ့သည့် ကိုဗစ်စတုတ္ထလှိုင်းကာလအတွင်း ရန်ကုန်တွင်မီးသဂြိုဟ်စက်များ တိုးချဲ့တည်ဆောက်ထားသည်ဟု ပြောကြားခဲ့သည့် ရန်ကုန်ဝန်ကြီးချုပ်ဦးလှစိုးမှာ စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးထံမှ ကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲ၍ လက်ခံခဲ့သည်။

ဦးအောင်သန်းဦးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက မြေကွက်ကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်း ၅၀၀၀ ကို နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံခဲ့သည်။

၎င်းတို့နှစ်ဦးမှာ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ကိုးကွက် မြေဧရိယာ ၂၆၂ ဧကခန့်ကို ကာလပေါက်စျေးထက်လျော့နည်းပြီး ရောင်းချပေးခဲ့ကြောင်း၊ ယင်းဖြစ်စဥ်တွင် အတွင်းရေးမှူး ဦးစိုးစိုးဇော်လည်း ပါဝင်ခဲ့ကြောင်း စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ပြန်သည်။

ထို့ပြင် ဦးစိုးစိုးဇော်သည် အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးက မြောက်ဒဂုံတွင် မြေဧက ၃၂ ဧက လျှောက်ထားရာတွင် ကူညီခဲ့ပြီး ဂရန်ပေါက်မြေရရှိပါက ပြန်လည်ရောင်းချရာတွင် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုရယူရန် စီစဥ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဦအောင်သန်းဦးမှာ မြေကွက်လုပ်ကိုင်ခွင့်ရရှိသူများထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် အား ကောက်ခံရယူခဲ့ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်ရှိ ၎င်း၏ ကိုယ်ပိုင်အကောင့်နှစ်ခုထံသို့ ငွေပေးသွင်းထားကြောင်း စစ်ကောင်စီကဆိုသည်။

ယင်းကြောင့် ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရလည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် သတင်းပေးတိုင်ကြားပြီးအမှုဖွင့်ကာ တရားစွဲမည်ဟု စစ်ကောင်စီ၏ ကော်မရှင်ကဆိုသည်။

တရားစွဲခံရသူ သုံးဦးမှာ စစ်အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်တိုင်းအတွက် ရာထူးတာဝန်များစတင်ခန့်အပ်ခံရသူများဖြစ်ပြီး တာဝန်ထမ်းဆောင်စဥ် တစ်နှစ်တာကာလတွင်း ယင်းသို့လာဘ်စားခဲ့ခြင်း ဖြစ်သည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...