ကွတ်ခိုင်မြို့ပေါ် လောင်းကစားလာဆော့သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းသွား

ကွတ်ခိုင်မြို့ပေါ် လောင်းကစားလာဆော့သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ လောင်းကစားဝိုင်းသို့ လာရောက်ဆော့သည့် သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့ပေါ်ရှိ အိမ်ခန်းများ ဆိုင်ခန်းများနှင့် တွဲလျှက်ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်များ လောင်းကစားဝိုင်းများတွင် သွားရောက်ဆော့ကစားနေသည့် ဒေသခံ အမျိုးသားလူငယ်အများစုတို့ကို လက်နက်ကိုင်တပ်ဖွဲ့ တို့မှ လာရောက်ဖမ်းဆီးမှုများရှိနေကြောင်း သတင်းသိရသည်။

“ဂိမ်းဆိုင်တွေက ရပ်ကွက်တိုင်းလိုလို ရှိနေပါတယ်၊ ဂိမ်းဆိုင်ရှိတဲ့နေရာ လောင်းကစားဝိုင်းတွေ ရှိတဲ့နေရာပဲ၊ ယောက်ျေားလေးတွေလူငယ်လေးတွေ စုစည်းနေတဲ့ နေရာပေါ့နော်၊ ဆိုင်ရာဆိုင်ရာအလိုက် TNLA ရော၊ MNDAA ရော၊ KIA ရော လာဖမ်းကြတာ” ဟု ကွတ်ခိုင်မြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့မှ လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များ အများစုသည် စစ်ကောင်စီနှင့် ဒေသတွင်း ပြည်သူ့စစ်များ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်နေသူများက ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စုစုပေါင်း ရပ်ကွက် ၈ ခု တွင် လောင်းကစားဝိုင်းများရှိနေကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ရှိနေခြင်းကြောင့် ဒေသခံပြည်သူများမှ စိုးရိမ်စိတ် မြင့်တက်နေကြောင်း နှင့် လုံခြုံမှုကင်းမဲ့နေကြောင်းလည်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်လက်ပြောဆိုထားသည်။

“ကျမတို့ကွတ်ခိုင်မြို့ထဲမှာတော့ ဥပဒေက ဘယ်မှာလဲလို့ မေးရမလိုဘဲ၊ အခုအခြေအနေက ယောကျာ်းလေးနှစ်ယောက် အပြင်ထွက်ရင်တောင် ဆိုင်ကယ်လုခံရတာ၊ ဓားပြတိုက်ခံရတာတို့က ရှိနေတဲ့ခါ မိန်းကလေးချည်းချည်း အပြင်ထွက်ရင်တော့ ပိုပြီးတော့ မလုံခြုံတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် အိမ်တွင်း နေထိုင်ပြီး အပြင်ထွက်သွားလာခြင်းများ မပြုလုပ်သော်လည်း သူခိုးဓားပြတို့၏ အန္တရာယ်ကို စိုးရိမ်ရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA )မှ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်မသိဘူး။ အဲ့ဒါရှေ့တန်းမြေပြင်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့နဲ့ပဲ ဆိုင်တယ်။ ကျနော်တို့ လှုပ်ရှားတဲ့နေရာမှာ နှစ်စဥ်နှစ်တိုင်း တပ်သားသစ်ကောက်တယ်။ဒါက ကျနော်တို့ ပေါ်လစီပဲ။ ထူးခြားတဲ့ စစ်ဆင်ရေး နဲ့ တပ်သားသစ် ကို တိုးချဲ့တာ မဟုတ်ပါဘူး” ဟု ပြောသည်။

သို့သော် TNLA မှ တာဝန်ရှိသူကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...