ညောင်ရွှေတွင် စစ်မှုထမ်းကြေး တစ်ဆကျော် တိုးကောက်

ညောင်ရွှေတွင် စစ်မှုထမ်းကြေး တစ်ဆကျော် တိုးကောက်

သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက် တစ်ဆကျော် တိုးမြှင့် ကောက်ခံနေသောကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး နည်းလမ်းအမျိုးမျိုးဖြင့် စစ်မှုထမ်းခေါ်ဆောင်ခဲ့သည်။

ထို့သို့ စစ်မှုထမ်းစာရင်းပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့်မသွားနိုင်ခဲ့လျှင် လူအစားထိုးခ အနေဖြင့် စေလွှတ်ရသည်။

လူအစားထိုးစေလွှတ်ရာတွင် ယခင်နှစ်တွင် ၄လလျှင် တကြိမ် ငွေကျပ် နှစ်သောင်းပေးဆောင်ခဲ့ရပြီး၊ ယခုနှစ်တွင် တစ်လလျှင် တကြိမ် ငွေကျပ် ငါးသောင်း လစဉ်ပုံမှန်ပေးဆောင်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ညောင်ရွှေဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသ့တော်ဆင့်ကိုပြောသည်။

“အရင်ကဆို စစ်မှုထမ်းအတွက် သူတို့လိုအပ်မှ လာကောက်တယ် (၄)လမှ တစ်ခါ၊ နှစ်သောင်းကျပ်ပေးရတာ၊အခုက လတိုင်း ပိုက်ဆံ ငါးသောင်း ပုံမှန်လာကောက်တယ်၊ စစ်တပ်က ကောက်ခိုင်းတယ်ဆိုပြီး အုပ်ကြီးက လာကောက်တယ်၊ ကိုယ်စားဖို့ထက် လတိုင်း စစ်မှုထမ်းကြေးအတွက် ငါးသောင်းကျပ် ဆောင်ထားနေရတယ်၊လတိုင်းဆိုရင် အဆင်မပြေဘူး စားဖို့ကလည်း ရုန်းကန်နေရသေးတယ်။”ဟု ၎င်းကပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက လကုန်လျှင် အိမ်တိုင်ရာရောက် စာအုပ်ကိုင်ပြီး လာကောက်ကြောင်းနှင့် နောက်ထပ် ငွေကျပ်ထပ်တိုး ကောက်ခံမည်ကို စိုးရိမ်နေရကြောင်း ညောင်ရွှေဒေသခံများကပြောသည်။

ဆက်လက်ပြီး စစ်မှုထမ်းအတွက် ငွေကြေးတိုးမြှင့်ကောက်ခံခြင်းမှာ လူစားထိုးရန်အတွက် လူရှာရအခက်ခဲဖြစ်၍ ငွေပမာဏ များများပေးမှာသာ လူရှာရအဆင်ပြေကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကဆို စစ်မှုထမ်းဖို့ လူရှာရတာ လွယ်တယ်။ အခုက ပိုက်ဆံများများပေးလည်း သွားပေးမယ့် သူမရှိဘူး၊ စားဖို့ နေဖို့လုံးဝအဆင်မပြေတဲ့သူကို လိုက်ရှာငွေပေးပြီး အစားထိုးထည့်ရတာ၊ တချို့ကဘာလို့ မလိုက်ချင်လဲဆို ရှေ့ကစစ်မှုထမ်းသွားတဲ့သူတွေက သေတဲ့သူကသေ ရက်စေ့ပြီး မပြန်ခိုင်းတဲ့သူများတော့ မသွားချင်ကြတာများတယ်။”ဟု ၎င်းအမျိုးသားက ဆိုသည်။

သက်ဆိုင်ရာ ကျေးရွာများမှ စစ်မှုထမ်းရန်အတွက် လူရှာမပေးနိုင်လျှင် ကျေးရွာနေပြည်သူများကို စစ်တပ်က ပေါ်တာဆွဲပြီး ရှေ့တန်းပို့ဆောင်နေသဖြင့် မဖြစ်မနေ လူရှာပေးနေရပြီး ဆေးသမားများကိုလည်း စစ်တပ်က ပစ်မှတ်ထားကာ ပေါ်တာဆွဲနေကြောင်းလည်း ၎င်းအမျိုးသားက ထပ်လောင်းပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ ယခု ၂၀၂၆ ခုနှစ် မေလအထိ ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်အတွက် စစ်မှုထမ်းရန် ညောင်ရွှေဒေသခံ (၂၀၀)ဝန်းကျင်အထိ ပို့ဆောင်ပေးခဲ့ရကြောင်း အဆိုပါ အမျိုးသားထံမှ သိရသည်။

ယခုလက်ရှိ ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ နယ်မြေစိုးမိုးထားပြီး ပအိုဝ်းလူမျိုးများရှိသည့် အင်းလေးဒေသဘက်တွင် PNOတပ်က တပ်စွဲကာ ဒေသခံများထံမှ ဆက်ကြေးကောက်ခံမှု ပြုလုပ်နေပြီး၊ ထမင်းထုတ်ပို့ခိုင်းကြောင်း သိရသည်။

June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...
June 16, 2026
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ...
June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...