တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။ 

အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်လာခဲ့သည်။ 

ထို တရုတ် ကျားဖြန့် သမား (၅၂)နှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးလည်း ပါဝင်သည်။ 

အဆိုပါ တရုတ်နိုင်ငံသားကျားဖြန့်သမားများ၏ နောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ အာဏာပိုင်များရှိနိုင်ကြောင်း၊ ထိုသူများမရှိလျှင် မိုင်းပန်မြို့နယ်ထိ ဝင်ရောက်လာနိုင်စရာ အကြောင်းမရှိကြောင်းလည်း မိုင်းပန်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“မိုင်းပန်မှာ ကျားဖြန့်ရှိနေတဲ့ နေရာနဲ့ ထိုင်နယ်စပ်ကလည်းဝေးတယ်။ လာအိုနဲ့ ထိုင်းကနေ လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။အဲ့လောက် အစစ်ဆေးကြမ်းတာကို။လဲချား၊ ခိုလမ်ဘက်နေ ဆင်းလာတာ ပိုတောင် လွယ်တယ်။ အဖွဲ့အစည်းနဲ့ လာလို့ လွတ်လွတ်လပ်လပ်လာနေနိုင်တာပေါ့။”ဟု မိုင်းပန်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျားဖြန့်သမားများဖမ်းဆီးရမိသည့် နေရာသည် မိုင်းပန်မြို့နယ် မှ ကျိုင်းတောင်းသို့ သွားရာလမ်းဘက်ဖြစ်ပြီး၊ ထိုနေရာတွင် စစ်ကော်မရှင်တပ်၊  SSS မဟာဂျာ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ သွားလာလှုပ်ရှားသည့် နယ်မြေဒေသများလည်း ဖြစ်သည်။ 

“သူတို့ဖမ်းတာ တောထဲမှာ ဖမ်းတာဆိုတော့မြို့က ဒေသခံဘယ်သူမှမသိဘူး။  တောထဲမှာက လက်နက်ကိုင်တွေ နဲ့ အချိတ်အဆက် မရှိဘဲနေရင်လည်း မဖြစ်နိုင်ဘူး။သူတို့နောက်မှ လက်နက်ကိုင်ရော စစ်တပ်ရောရှိမှာပဲ”ဟု ၎င်းက ဆိုပြန်သည်။ 

ထိုတရားမဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်နေရာကို အဆောက်အုံးများရှိရာထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလုပ်ရုံ ၃ ရုံ ၊ လူနေတဲ ၈ လုံး ၊ All In One ၁ လုံး ၊ Laptop ၁၂ လုံး ၊ Starlink ၄ လုံး ၊ ပါဝါစတေရှင် ၄ လုံး၊ မီးစက် ၂ လုံး နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ 

ဆက်လက်ပြီး ဝင်ရောက်စီးနင်းမှုအတွင်း စုစုပေါင်း ဖမ်းဆီးရမိသူ ၅၂  ဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

သို့သော်လည်း စစ်ကော်မရှင်တပ်မှ တရုတ်နိုင်ငံသားကျားဖြန့်သမားများကို အမှန်တကယ်နှိမ့်နင်းလျှင် ကျားဖြန့်သမားများသည် ယနေ့ချိန်တွင် မြန်မာပြည်အတွင်း ပပျောက်နေပြီးဖြစ်ကြောင်း မိုင်းပန်မြို့ဒေသခံများကဆိုသည်. 

ထို့ကြောင့် မိုင်းပန်မြို့နယ်အတွင်း လက်ရှိ ကျားဖြန့်ဖမ်းဆီးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ စစ်ကော်မရှင်တပ်အနေဖြင့် ဟန်ပြ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။ 

မိုင်းပန်ဒေသခံ တစ်ယောက်အနေဖြင့် ယခုဖမ်းဆီးမှုသည် ဟန်ပြတာ ဖြစ်နိုင်ပြီး မိုင်းပန်မြို့နယ်အတွင်း ပထမဆုံး ဖမ်းဆီးမှုကြောင်းကို ၎င်းက ဆက်လက်ရှင်းပြသည်။

“စစ်တပ်က ပြည်သူ့စစ်လမ်းကြောင်းကနေ ခေါ်လာပြီးမှ သူတို့ဟန်ပြဖမ်းတာလည်း ၅၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်။ မိုင်းပန်တောထဲမှာ ရောက်လာတာ အံ့သာတာပေါ့။ ဒေသခံတွေက မသိဘူး။ သတင်းတက်လာမှ သိတာ” ဟု ၎င်းက ထပ်လောင်းပြောသည်။ 

အဆိုပါ တရုတ်နိုင်ငံသား ကျားဖြန့်သမားများသည် မိုင်းပန်မြို့ပေါ်သို့ သွားလာ လှုပ်ရှားခြင်းမရှိသကဲ့သို့ မြို့ထဲသို့ စျေးဝယ်လာခြင်းလည်းမရှိကြောင်း၊ ထို့ကြောင့် ၎င်းကျားဖြန့်များနေထိုင်ရန် စာနပ်ရိက္ခာနှင့် အဆောက်အဉီး အခိုင်အမာ တည်ဆောက်ထားပုံကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင်များနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း လည်း မိုင်းပန် ဒေသခံများက မှတ်ချက်ပြုသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) မှ ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ထုတ်ပြန် ကြေညာခဲ့သည်။ 

အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI) က ကျားဖြန့်လုပ်ကိုင်နေသည့် နိုင်ငံများကို ဝင်ရောက်ပြီး ကျားဖြန့်အရေး နှိမ်နင်းမည်ဟု ကြွေးကြော်မှုကြောင့် စစ်ကော်မရှင်မှ ကျားဖြန့်လုပ်ကိုင်သူများကို ပိုပြီး ဖမ်းဆီးပြ နေခြင်းသာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၇ရက်တွင်လည်း တာချီလိတ်မြို့တွင် အွန်လိုင် လိမ်လည်မှု (ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားစုစုပေါင်း ၅၂ဉီးကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဧပြီလ ၂၉ ရက်တွင်လည်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် နှင့် တော်ရွက်ရပ်ကွက်တို့တွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၈ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...