စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်

စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု ထံသိရသည်။

စစ်ကောင်စီမှ တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP ဘက်မှ တပ်ဆုတ်သွားမည်မဟုတ်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ စစ်ဆင်ရေးထိုးလာပါက တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“သူတို့ပြောတာတော့ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာခိုင်းတာ။ ဒါပေမယ့် ကျနော်တို့က ထွက်ခွာလို့မရဘူးလေ။ အခုတော့ ကျနော်တို့လည်း စစ်ရေးပြင်ဆင်ပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒီတပ်နေရာတွေကလည်း ကျနော်တို့ နေလာတာ (၁၀) နှစ်ရှိနေပြီ” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုတပ်စခန်း (၃) နေရာသည် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ကြားရှိပြီး ကားလမ်းဘေးတွင် တည်ရှိသည့် တပ်စခန်းများဖြစ်ကြောင်း သိရသည်။

SSPP ကို တပ်စခန်းဆုတ်ခိုင်းနေခြင်းသည် စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲကို မတက်ရောက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် တပ်ဆုတ်ခိုင်းရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး စိုင်းဆုက ထပ်လောင်းပြောပြသည်။

“ သူတို့ ငြိမ်းချမ်းရေးဆွေနွေးပွဲတက်ဖို့ ဖိတ်ခေါ်ထားတယ်လေ။ သူတို့ ဒီလိုတပ်ဆုတ်ခိုင်းပြီး ပြဿနာရှာနေတာက ကျနော်တို့ တပ်ဖွဲ့ကို မတက်ရောက်စေချင်တဲ့သဘောလို့ ကျနော်တို့ မြင်တယ်။ သူတို့က ပြဿနာမရှိ ပြဿနာရှာပြီးတော့ ကျနော်တို့ကို ဒီကိစ္စလာပြောတယ်လို့ မြင်ပါတယ်။ သူတို့ ရွှေ့တယ် မရွှေ့ရင်တော့ ပစ်ခတ်မှုဖြစ်လာမယ်လေ။ ပစ်ခတ်မှုတွေ ဖြစ်လာရင် ကျနော်တို့ သွားပြီး စကားမပြောနိုင်တော့ဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ထပ်လောင်းပြောပြသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေနွေးပွဲကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နေပြည်တော်သို့ မသွားရသေးကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...