ကြမ်းကြမ်းတမ်းတမ်းပျက်စီးလာတဲ့ အင်းတော်ကြီးဒေသ သဘာ၀ပတ်ဝန်းကျင်

ကြမ်းကြမ်းတမ်းတမ်းပျက်စီးလာတဲ့ အင်းတော်ကြီးဒေသ သဘာ၀ပတ်ဝန်းကျင်

မိုးဦးဝင်စဆိုရင် အင်းတော်ကြီး ကန်ရေပြင်က လှိုင်းပုတ်ခတ်တာ ပင်လယ်ပြင်အလားလို့ ဆိုကြပါတယ်။ လှိုင်းလုံးတွေက ပင်လယ်ပြင်က လှိုင်းလိုမြင်တွေ့ကြရတာပါ။ အခုတော့ လှိုင်းထန်တယ်ဆိုတာ မတွေ့ရသလောက်ဖြစ်လာပါတယ်။

မုတ်သုန်မိုးတွေ ဝင်ပြီဆိုရင် တောင်တန်းတွေမှာ ရစ်သိုင်းတတ်တဲ့ တိမ်ညိုညိုဟာလည်း ခပ်ပါးပါးသာ ရစ်သိုင်းတတ်ပါတော့တယ်။ ဒီလိုမြင်ကွင်းတွေက အကောင်းဘက်ကို ဦးတနေတာမဟုတ်ဘူးဆိုတာကိုတော့ သိသာထင်ရှားလာပါတယ်။ ဇီဝမျိုးကွဲတွေအစုံအလင်နဲ့ လူတွေတွဲဖက်နေတတ်တဲ့ ချစ်စရာ အားကျဖွယ်ရာဒေသတစ်ခုလို့လည်းဆိုရမှာပါ။ ဒီလိုတွေကြောင့် ကမ္ဘာက ယူနက်စကို အဝိုင်းအဝန်းအဖြစ်သတ်မှတ် ထိန်းသိမ်းမှုတွေပြုလုပ်လာခဲ့ပါတယ်။

၂၀၁၆ ယူနက်စကို စတင်ဝင်ပြီးတော့ အင်းတော်ကြီးကန် နဲ့ ပတ်ဝန်းကျင်ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသတွင်းလူငယ်တွေ အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်မှုက (၅) နှစ်မပြည့်တပြည့်မှာ တိုင်းပြည် အာဏာသိမ်းမှုနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် အင်းတော်ကြီးဒေသက သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် ရိုက်ခတ်လာခဲ့ပါတယ်။

အင်းတော်ကြီးကန်ကို နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက ခြိမ်းခြောက်လာတဲ့ ရွှေမျှောတွေက တဖန် ဦးထောင်လာခဲ့ပါတယ်။ ရွှေမျှောလုပ်ကိုင်မှုတွေက အဆပေါင်းများစွာ ဒီတစ်နှစ်အတွင်းမှာ တိုးလာခဲ့တာကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။  



မိုင်းနောင်ကျေးရွာအနောက်ဘက် ရွှေမျှောတိုက်နေမှုတွေကို Google Map ကတွေ့ရစဉ်

“သစ်လုပ်ငန်း၊ရွှေလုပ်ငန်းတွေပိုပြီးတော့မှာဥပဒေမဲ့သလိုပိုပြီးတော့မှလုပ်လိုက်တာလေ၊အာဏာမသိမ်းခင်ကနည်းနည်းထိန်းထိန်းသိမ်းသိမ်းရှိတယ်၊အခုရွှေလုပ်ငန်းတွေဆိုလည်းရွာထဲထိရပ်ကွက်နဲ့တဆက်တစပ်တည်းရောက်နေတယ်” လို့မိုင်းနောင်ကျေးရွာသားတစ်ဦးကဆိုပါတယ်။

အင်းတော်ကြီးဒေသရဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေက လူတွေပြုလုပ်နေတာကြောင့် အများဆုံးဖြစ်ပါတယ်။ ရွှေမျှောအလွန်အကျွံတူးဖော်မှု အပြင် တခြားပြဿနာတွေလည်းရှိနေပါတယ်။ ကန်ရေပြင်အစပ်နားထိ တောင်သူတွေက လယ်ယာမြေတွေကို ချဲ့ထွင်လာကြပါတယ်။ အင်းတော်ကြီးစိမ်းလန်းက သတ်မှတ်ထားတဲ့ ဧရိယာတွေကိုကျော်လွန်ပြီး ချဲ့လာကြပါတယ်။ လယ်ယာမြေအတွင်းမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာ ၊ ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေးတွေက ကန်ရေပြင်ထဲကိုရောက်လာမှ မလွဲပါ။ ဒီလိုလယ်ချဲ့ထွင်မှုတွေကို ပညာပေးလုပ်ငန်းတွေနဲ့ အမြန်ဆုံးတားဆီးဖို့လည်းလိုအပ်နေပါတယ်။

“ လယ်ယာမြေတွေတအားချဲ့ထွင်လွန်းတာလေအဲ့တာ။ချဲ့ထွင်တဲ့တယ်ဆိုတာကျွန်တော်တို့ထိန်းသိမ်းရေးနယ်မြေတွေမကျန်လုပ်ခဲ့ကြတော့ကျွန်တော်တို့ရဲ့အင်းတော်ကြီးကထိန်းသိမ်းရေးအပိုင်းမှာထိခိုက်စေတာပေါ့” လို့အင်းတော်ကြီးဒေသရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအသင်းဥက္ကဌဦးစိန်လွင်ဦးကပြောဆိုပါတယ်။



အင်းတော်ကြီး လွတ်တော်အမတ်တစ်ဦးပိုင်ဆိုင်ခဲ့ဖူးတဲ့ သစ်စက်ကိုတွေ့ရစဉ် Photo/ShanNi Voice

တားဆီးဖို့အတွက် ပညာပေးတဲ့လုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်ကြရမှာလို့ ဦးစိန်လွင်ဦးကဆိုပါတယ်။ အင်းတော်ကြီးဒေသမှာ ပညာပေးတဲ့ လုပ်ငန်းတွေ အားနည်းမှုများစွာရှိခဲ့တာလို့လည်း ပြောဆိုကြပါတယ်။ ပညာပေးလုပ်ငန်းတွေမှာ လယ်ယာလုပ်တာအစ တံငါလုပ်ငန်းအဆုံးပညာပေးမှုတွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။ တံငါလုပ်ငန်းကို လုပ်ကိုင်လာကြတဲ့ တံငါသည်တွေလည်း ငါးသယံဇာတကို အလွန်အကျွံဖမ်းကြတာပါ။

အင်းတော်ကြီးကန်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးနဲ့ ရှားပါးစာရင်းဝင် ငါး ၇ မျိုးလည်းတွေ့နိုင်ပါတယ်။ တံငါတွေကို ပိုက်စိပ်နဲ့ ဖမ်းဖို့ ၊ သမားရိုးကျဖမ်းဖို့လို့ ငါးဦးစီးနဲ့ အင်းတော်ကြီးကန် သဘာဝထိန်းသိမ်းရေးတွေက ဆော်ဩထားပေမယ့် ပိုက်စိပ်အသုံးပြုတာ ၊ ကျဉ်စက်အသုံးပြုဖမ်းတာတွေပြုလုပ်နေကြပါတယ်။

 တံငါလှေတွေက တစ်ရက်ကိုအနည်းဆုံး နှစ်ရာဝန်းကျင်မှာရှိပြီး ငါးအသေးအကြီးမရွေး အကုန်ဖမ်းဆီးနေတယ်လို့လည်း တံငါသည်တွေဆီကနေသိရပါတယ်။ အင်းတော်ကြီးစိမ်းလန်းအဖွဲ့တွေလည်း ကန်ထဲကို မဆင်းကြည့်တာ ၆ လဝန်းကျင်ရှိလာတာကြောင့် တံငါသည်တွေအတွက် ငါးကိုပုံစံအမျိုးမျိုးနဲ့ မရရအောင်ဖမ်းဆီးနေကြတာပါ။  အရေးယူနိုင်မှုတွေ အားနည်းလာတာကြောင့် ငါးမျိုးသုဉ်းနိုင်မယ့် ပြဿနာကိုလည်း စိုးရိမ်နေကြပါတယ်။

“  ပိုက်စိပ်တွေ၊ကျဉ်စက်တွေနဲ့ထိုးတာညတိုင်းပဲအဲ့တာကြောင့်အင်းကမကောင်းကုန်တော့ဘူး။အဲ့လိုဆိုတော့ငါးကိုမရှိတော့တာဒီနှစ်မိုးကျတော့ငါးတွေတောင်မတက်တော့ဘူး။ချောင်းတွေမှာလည်းငါးတွေမရှိကုန်တော့ဘူး” လို့အင်းဘေးကပ်ရပ်မှာနေတဲ့ကျေးရွာသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် တံငါသည်တွေရဲ့ ပိုက်ချည်တိုင်ကအစ အင်းထဲမှာ ဒီအတိုင်းစွန့်ပစ်ထားသလို ၊ အမှိုက်သရိုက်တွေလည်း ဖြစ်သလို အင်းထဲကို စွန့်ပစ်ကြတယ်လို့ဆိုပါတယ်။ မီးရှို့ဖျက်ဆီးလို့ရတဲ့ အမှိုက်တွေကိုလည်း အင်းထဲနဲ့ အင်းအစပ်တွေမှာ စွန့်ပစ်မှုတွေကများလာတယ်လို့လည်း ဆိုပါတယ်။



အင်းတော်ကြီး နမ့်တိမ်းချောင်းထဲ ရွှေမျှောလုပ်ကိုင်မှုနဲ့ ကမ်းပါးတိုက်စားမှု မှတ်တမ်းပုံ Photo/ ShanNi Voice

အင်းတော်ကြီးကန်နဲ့ ဒေသကို ပျက်စီးစေမယ့်တခြားအကြောင်းအရာ တွေကလည်းများစွာရှိနေပါသေးတယ်။   ပျက်စီးလက်စကို ထပ်မံမဖျက်ဆီးစေနိုင်ဖို့အတွက် အင်းတော်ကြီးဒေသခံတွေက ဦးဆောင်ပြီး ပြန်လည် ထိန်းသိမ်းကြရမှာပါ။

ဒီအင်းတော်ကြီးဒေသကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ဆိုရင် ရွှေတူးဖော်တာကို ဦးစွာရပ်ပစ်ရမှာဖြစ်ပြီး ၊လယ်သမားတွေကိုလည်း ပညာပေးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်ကို မှီခိုတဲ့နေရာကနေ ကင်းလွှတ် လုပ်ဆောင်မှရနိုင်မယ်လို့ဆိုပါတယ်။  အင်းတော်ကြီးကန်က တိမ်ကောလာမှုနဲ့ အဆုံးအစွန်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

 အင်းကောတဲ့ လက္ခဏာတချို့ကိုလည်း လွန်ခဲ့တဲ့နှစ်တွေမှာ တွေ့မြင်ခဲ့ကြရပြီး အဲ့ကတည်းက ထိန်းသိမ်းဖို့ ဆော်ဩခဲ့ကြပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု စနစ်မကျခြင်းကလည်း ဒီဒေသကို တဖြည်းဖြည်းပျောက်ကွယ်အောင်ဖျောက်ဖျက်နေတဲ့နည်းတွေဖြစ်လာတာကို သတိမူရမှာဖြစ်ပါတယ်။ အတိတ်ကာလက သမိုင်းတွေ ၊ ဒဏ္ဍာရီတွေက ရှမ်းနီတို့ရဲ့ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ ဒေသတစ်ခု အမွေအနှစ်တစ်ခုဖြစ်တာကြောင့် ဒီထက်မပျက်စီးခင် စုပေါင်းထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...