ထီးချိုင့်မြို့နယ်ရှိ တကောင်းတောင် နီကယ်စက်ရုံ ပြန်လည်ပတ်ရန် ပြင်ဆင်နေ

ထီးချိုင့်မြို့နယ်ရှိ တကောင်းတောင် နီကယ်စက်ရုံ ပြန်လည်ပတ်ရန် ပြင်ဆင်နေ
တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။
တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် တည်ရှိသည့် တရုတ်နိုင်ငံ၏ အကြီးစားစီမံကိန်း တစ်ခုဖြစ်သော တကောင်းတောင် နီကယ်စက်ရုံကို ပြန်လည်လည်ပတ်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့် ဒေသခံတစ်ဦးက “သကြားစက်ရုံတွေ ပြန်လည်ပြီ။ နီကယ်ကလည်း ပြန်လည်တော့မှာ။ ပျက်စီးသွားတာတွေ ပြန်ပြင်နေတာ။ စစ်သင်္ဘောတွေ တက်လာတုန်းက မောင်းကုန်းကနေ တိုက်ကြတာ၊ အဲဒါ လက်နက် ကြီးနဲ့ လှမ်းပစ်လိုက်လို့ ထိသွားတယ်လို့ ပြောတယ်။ အခု လူနေအဆောက်အဦးတွေ ပြင်နေတာ” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက မောင်းကုန်းကျေးရွာကို သိမ်းပိုက်လိုက်သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်မှစတင်ကာ တကောင်းတောင် နီကယ်စီမံကိန်းတွင် လည်ပတ်နေသည့် စက်ရုံများကို ရပ်နားလိုက်ရပြီး အလုပ်သမားများကိုလည်း အနားပေးခဲ့ခြင်း ဖြစ်သည်။

ထိုချိန်က စီမံကိန်းအတွက် လိုအပ်သည့် လောင်စာများဖြစ်သော ကျောက်မီးသွေးနှင့် ဒီဇယ်များကို သယ်ယူ သည့် မန္တလေး - ရန်ကုန် လမ်းကြောင်းများ ပိတ်ဆို့ခံရမှုအပြင် လိုအပ်သည့် လောင်စာမရရှိတော့သည့် အတွက် ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း စက်ရုံနှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံသို့ ဖြေကြားခဲ့သည်။

ထို့ပြင် စက်ရုံအနီးတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ပြီး စက်ရုံဝင်းအနီးသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်များကြောင့်လည်း ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံသားများ အပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း တစ်ထောင်ကျော်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။

ထီးချိုင့်မြို့ကို စစ်တပ်က ၂၀၂၆ ခုနှစ်အတွင်း ပြန်လည် ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေး ယန္တရားများကို ပြန်လည်လည်ပတ်လျက် ရှိသည်။

မောင်းကုန်းကျေးရွာတွင် စာသင်ကျောင်းများကို ယခု ဩဂုတ်လ ပထမပတ်၌ ပြန်လည်ဖွင့်လှစ်ထားပြီး Great Wall သကြားစက်ရုံနှင့် တကောင်းတောင် နီကယ်စက်ရုံများကိုလည်း ပြန်လည်လည်ပတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...