တောင်းဆိုမှုများရရှိရန် အလုပ်မဆင်းဘဲ Food Pandaလုပ်သားများ ဆန္ဒပြနေ

တောင်းဆိုမှုများရရှိရန် အလုပ်မဆင်းဘဲ Food Pandaလုပ်သားများ ဆန္ဒပြနေ

Food Pandaကုမ္ပဏီက တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိသည့်အတွက် Food pandaလုပ်သားများက ဇွန်လ ၆ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြကြောင်း သိရသည်။

ရန်ကုန်နှင့်မန္တလေးရှိ လုပ်သားများက အလုပ်မဆင်းဘဲ သပိတ်မှောက်ကြနေကြခြင်းဖြစ်ပြီး လုပ်သားအများအပြား ပါဝင်လျက်ရှိနေကြသည်ဟု သပိတ်ခေါင်းဆောင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“သပိတ်က စနေပါပြီ။ အခြေအနေကတော့မနက် အော်တွေတင်ကြကတည်းက စလုပ်နေကြတယ်။ တော်တော်များများက နားကြတယ်။ ဆင်းတဲ့သူတွေကလည်း ဆင်းနေကြပါတယ်” ဟုဆိုသည်။

အလုပ်သမားများအပေါ်၌ မျှတခြင်းမရှိသည့်အတွက် လုပ်သားများဆန္ဒပြနေခြင်းအပေါ်တွင် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန်လည်းတော်လှန်ရေးအဖွဲ့များက လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ထို့အပြင် Food Pandaလုပ်သားများကလည်း ၎င်းတို့ ဆန္ဒပြသပိတ်မှောက်နေခြင်းအပြင် စားသုံးသူများအနေဖြင့် Food Pandaမှ မှာယူစားသုံးခြင်း မပြုကြရန်နှင့် Bad Reviewပေးကြခြင်းဖြင့် ပူးပေါင်းပေးကြရန်လည်း တိုက်တွန်းထားသည်။

“ကျနော်တို့တောင်းဆိုထားတာတွေ ဘာမှရရှိသေးတာ မရှိသေးဘူး။အဲဒီအတွက် အခုလို အလုပ်မဆင်းတဲ့ သပိတ်လုပ်မှာ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ riderအားထက် စားသုံးသူတွေရဲ့ အားကို ပိုပြီးတော့ သုံးချင်ပါတယ်” ဟု သပိတ်ဦးဆောင်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

လုပ်အားခနှင့် လမ်းကြောင်းပြဿနာများအပြင် အခြား တောင်းဆိုချက်များကို မရရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂မတ်လ ၁၆ရက်နေ့ကတည်းက စတင်ကာ လုပ်သားများအနေဖြင့် သပိတ်မှောက်ခြင်းများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

လုပ်သားများ၏ တောင်းဆိုချက်များမှာ (၁)အနိမ့်ဆုံး အော်ဒါကြေး ၆၇၀ ကျပ် ကို သတ်မှတ်ထားသော riderအဆင့်အလိုက် တိုးမြှင့်ပေးရန်(၂) Rider များကို ကွန်ပြူတာစနစ်များဖြင့် တင်းကျပ်စွာထိန်းချုပ်နေသည့် စည်းကမ်းချက်များကို လျော့ချပေးရန်၊( ၃)Rider များ အလုပ်ချိန်အတွင်း ထိခိုက်မှုရှိပါက ကုမ္ပဏီဘက်မှ တာဝန်ယူဆောင်ရွက်ပေးရန်၊(၄) Rider များအား တစ်ပတ်လျှင် တစ်ရက် နားခွင့်ပေးရန်နှင့် အနားယူသောနေ့အတွက် လျော့သွားသော အလုပ်ချိန်ကို Special hour ထဲသို့ ထည့်မတွက်ဘဲ အပြည့်အဝနားခွင့်ပေးရန်၊ (၅)ပို့ဆောင်ရသည့်ခရီးအကွာအဝေးကို တိုင်းတာရာ၌ Google Map ကို အသုံးပြုပေးရန် ၊ (၆)ကုမ္ပဏီဘက်မှ Rider များနှင့် ပတ်သက်သော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ပါက ရုံးမှ တရားဝင်အသုံးပြုသော Social Media နှင့် Telegram Channel များမှ တစ်ပတ်ကြိုတင်၍ တရားဝင်ကြေညာပေးရန် ၊ (၇)Rider များအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် Hot Line ဖုန်းနံပါတ် တစ်ခုထားပေးရန်နှင့်၊ (၈) ပို့ဆောင်သူများကို သက်သေခံကဒ်ပြား ထုတ်ပေးရန် တို့ဖြစ်သည်။

အလုပ်မဆင်း သပိတ်ပြုလုပ်ပြီး တောင်းဆိုမှုများပြုလုပ်ရန်အတွက် ဇွန်လ ၄ရက်နေ့ကတည်းက ကြေညာခဲ့ပြီး လက်ရှိအချိန်ထိ ကုမ္ပဏီဘက်မှ ဆက်သွယ်ခြင်းမရှိသေးကြောင်း သပိတ်ဦးဆောင်သူများကဆိုသည်။

ယနေ့တွင် အလုပ်မဆင်းသပိတ်ပြုလုပ်နေဆဲဖြစ်ပြီး နောက်ရက်များတွင်မူ လုပ်သားများ၏ အခြေအနေများကို မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်း အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် Food Panda ကုမ္ပဏီသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂၀၁၉ဒီဇင်ဘာအတွင်းက စတင်ဝင်ရောက်ခဲ့‌သည့် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ စတင်ဝင်ရောက်ပြီး မကြာမီတွင် ဝန်ဆောင်မှု အခမဲ့အပြင် ကိုဗစ်ရောဂါကြောင့် ပြည်သူလူထု Stay Homeပြုလုပ်ခြင်းများကြောင့် ဝန်ဆောင်မှုအများဆုံးပေးခဲ့ရသော ကုမ္ပဏီတစ်ခုဖြစ်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...