အင်းစိန်ရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ၁ ဦး ထိခိုက်ဟု YA တပ်ဖွဲ့ပြော

အင်းစိန်ရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ၁ ဦး ထိခိုက်ဟု YA တပ်ဖွဲ့ပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်း Yangon Army (YA) တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးဘေးတွင် တည်ရှိသည့် အင်းစိန်မြို့မရဲစခန်း၏ လုံခြုံရေးဂိတ်ကို ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) ည ၇ နာရီခွဲဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YA တပ်ဖွဲ့ တာဝန်ရှိသူက “မနေ့ကညက မီးကပျက်ပြီး မိုးကရွာနေတော့ ပစ္စည်း Error တက်မှာ စိုးရပါသေး တယ်။ ဒါပေမဲ့ အောင် အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်။ တစ်ကောင် (တစ်ဦး) တော့ လဲကျသွားတာ တွေ့ပါတယ်။ ဒီနေ့မနက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု ပြောသည်။

အင်းစိန်မြို့မရဲစခန်းရှေ့ရှိ လုံခြုံရေးဂိတ်ကို ပြင်းအားမြင့်မိုင်းတွင် လက်ပစ်ဗုံးနှစ်လုံးကပ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များက လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော် အင်းစိန်ရဲစခန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ထိခိုက်မှုအခြေအနေကို မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ညပိုင်းက အင်းစိန်ရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်လျက်ရှိသည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော YA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ဖေဖော်ဝါရီလ အတွင်းက စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် YA တပ်ဖွဲ့၏ မြို့ပြလှုပ်ရှားမှုများ ခဏတာ ငြိမ်သက်ခဲ့ ရသည်။

YA တပ်ဖွဲ့ တာဝန်ရှိသူက “နှစ်လပိုင်းကုန်လောက်မှာ YA ရဲဘော်တယောက် ပစ္စည်းအပေးအယူလုပ်ရင်း ဖမ်း ခံရတယ်။ ဖမ်းခံရပြီး စစ်ကြောရေးမှာ နှိပ်စက်လို့ ကျဆုံးခဲ့ရတယ်။ ကျန်တဲ့ ရဲဘော်တွေလည်း ရှောင်တိမ်း နေခဲ့ရပါတယ်” ဟု ဆက်ပြောသည်။

လက်ရှိတွင်မူ အဖွဲ့မှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ပြီး မြို့ပြတိုက်ခိုက်မှုများကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

“YA နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖတွေလည်း အရင်ကအတိုင်း တွဲလက်ညီညီနဲ့ ရန်ကုန်က ခွေးတပ် (စစ်အုပ်စု) ကို ဗျင်း (တိုက်ခိုက်) ပါမယ်လို့၊ ရင်ခုန်စောင့်မျှော်နေပေးကြပါလို့ မှာချင်ပါတယ်” ဟု YA တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်ထားသည့် ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်က အင်အား အများ အပြားဖြင့် လုံခြုံရေးတင်းကျပ်ထားသော်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများမှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...