တော်လှန်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM အမျိုးသမီးဆေးမှူး

တော်လှန်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM အမျိုးသမီးဆေးမှူး
နေမကောင်းဖြစ်တဲ့ ရဲဘော်တွေကို အနီးကပ်ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့ CDM အမျိုးသမီးဆေးမှူး ကြာဖြူ
နေမကောင်းဖြစ်တဲ့ ရဲဘော်တွေကို အနီးကပ်ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့ CDM အမျိုးသမီးဆေးမှူး ကြာဖြူ

ခွန်းကလိုင်းဖရီး — ကြာဖြူ လို့ နာမည်ပေးထားတဲ့ အမျိုးသမီးဆေးမှူးတစ်ယောက်ဟာ ဒဏ်ရာရ တော်လှန်ရေး ရဲဘော်တွေကို ဆေးကုသပေးတာနဲ့ နေမကောင်းဖြစ်တဲ့ ရဲဘော်တွေကို အနီးကပ်ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။

ကြာဖြူဟာ စစ်အာဏာမသိမ်းခင် သားဖွားဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ CDMလုပ်တာ ခုဆိုရင် တစ်နှစ်ကျော် ရှိသွားပါပြီ။

သပိတ်ကာလမှာ သူ့လို CDMမှာပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေစုပြီး သူနေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်မှာ ကိုယ်ပိုင် ဆေးခန်းတစ်ခုဖွင့်ပြီး အလုပ်လုပ်နေခဲ့တာပါ။

သူက “သပိတ်ကာလမှာ ဆိုလို့ရှိရင် ကျမတို့ ရွာမှာ ဒီ CDM သူနာပြုတွေ၊ သားဖွားဆရာမတွေ အများကြီးရှိတာပေါ့နော်။ ဆိုတော့ ကျမတို့ ဒီ CDM သူနာပြုတွေ၊ သားဖွားဆရာမတွေ၊ CDM ကျောင်းသူလေးတွေ ရှိတာပေါ့။ ကျမတို့ အကုန်လုံးစုပြီးတော့ ဆေးခန်းတစ်ခု ပြန်ဖွင့်တာပေါ့နော်၊ ရွာအတွင်းမှာ။ ဆိုတော့ ကျမတို့ အဲ့လို ဖွင့်သွားရင်းနဲ့ အဲ့ဆေးခန်းမှာပဲ ကူတာပေါ့နော်။ အဲ့ဆေးခန်းမှာ ဆိုလို့ရှိရင် စစ်မပြေးရခင်ထိတော့ အဲ့ဆေးခန်းမှာပဲ ကူတာပေါ့။ စစ်ပြေးပြီးနောက်ပိုင်းမှာ စစ်ဘေးရှောင်လူထုတွေကို ကြည့်ရှုကုသပေးတာတွေ လုပ်ခဲ့တာပေါ့နော်”လို့ ဆိုပါတယ်။

ဒီလို စစ်ဘေးရှောင်ဘဝနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေရင်း ဒီးမော့ဆိုက သူ့အိမ်လည်း မီးလောင်ပျက်စီးတဲ့ အထဲမှာပါသွားခဲ့ပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာတော့ တော်လှန်ရေးအဖွဲ့ထဲမှာ ဆေးမှူးအဖြစ် သွားရောက်တာ ဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီးမော့ဆို PDF တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

“အစတုန်းကတော့ လူထု စစ်ဘေးရှောင်မှာပဲ ကိုယ်လိုက်ကူတာပေါ့နော်။ လိုက်ကူတော့ ဒီလို ကိုယ့်အချိတ် အဆက်တွေ နည်းနည်းပါးပါးရှိတာနဲ့ ဒီလို တပ်ရင်းဖက်မှာ လာကူပါလားဆိုတဲ့ ကူညီတောင်းခံချက်မျိုး တောင်းခံ လာတဲ့အချိန်မှာမိဘတွေကို ပြောတော့၊ မိဘတွေကတော့ သူက ဒီလူထုစစ်ဘေးရှောင်မှာလည်း ဆရာမ လိုနေတယ်။ ဆိုတော့ ဒီဖက်မှာပဲနေပါလား။ ဒီလိုတွေ ပြောခဲ့ပေမယ့်ပေါ့နော်၊ ကျမကတော့ ဒီလို တပ်ရင်းဖက်မှာ ကူတာတို့၊ ဒီရှေ့တန်းထွက်တဲ့ ရဲဘော်ကို နောက်ကနေ၊ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လို့ပေါ့နော်”လို့ ဆိုပါတယ်။

တခါ ဖယ်ခုံမြို့နယ်မှာ အခြေစိုက်ထားတဲ့ KNDF တပ်ရင်း ၃ က အကူအညီတောင်းလာလို့ အဲ့ဒီမှာ တာဝန်ထမ်းဆောင်ကူညီပေးတာ ခုဆိုရင် (၆ ) လ ရှိသွားပါပြီ။

KNDF တပ်ရင်း ၃ ရဲ့ ရင်းရုံးမှာရှိတဲ့ ဆေးဂိုဒေါင်ထဲက ဆေးဝါးတွေကို တခြားဆေးမှူးတစ်ယောက်နဲ့အတူ အလုပ်လုပ်ပြီး ဆေးဝါးစစ်ဆေးတာတွေနဲ့ တပ်ခွဲ (၄) ခွဲအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ပြန်ပြီးမျှဝေစီမံပေးရပါတယ်။

“အလှူရှင်ဆီက ရလာတဲ့ ဆေးတွေရှိမယ်ဆိုလို့ ရှိရင် ကျမတို့ အဲ့ဆေးတွေကို ခွဲပြီးတော့မှပေါ့နော်။ ခွဲအလိုက်ပေါ့နော်။ ခွဲလေးခွဲရှိဆို အဲ့ခွဲလေးခွဲကို ကျမတို့ ခွဲဝေပေးတာမျိုးတွေ ကျမတို့ လုပ်ဆောင်ပေးတာပေါ့နော်။ ပြီးရင် တခါတလေ ခွဲကနေ ကျမတို့ ဒီဆေးတွေလိုမယ်ဆိုလို့ရှိရင် ကျမတို့ ဝယ်ပေးပြီးမှ ပို့ပေးတာတွေ၊ အရေးပေါ် ဆေးပစည်းတွေကို ကျမတို့ ပြင်ဆင်ပေးတာမျိုးတွေရော လုပ်ဆောင်နေတာပေါ့နော်”

အခုလို လုပ်ဆောင်တာတွေအပြင် တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်စခန်းတွေကို သွားရောက် ကွင်းဆင်း ဆေးကုသပေးတာတွေလုပ်ဆောင်ပေးတယ်လို့လည်း ဒီဆေးမှူးအမျိုသမီးက ဆိုပါတယ်။



CDM အမျိုးသမီးဆေးမှူး ကြာဖြူ

သားဖွားဆရာမတစ်ယောက်ဖြစ်နေပေမယ့်လည်း တော်လှန်ရေးမှာ လိုအပ်တဲ့ ကုသမှုအပိုင်းတွေကို ကြိုးပမ်းလုပ်ဆောင်ပေး နေပါတယ်။

“ဒီကုသမှုအပိုင်းမှာတော့ ကျမတို့ကတော့ ကျမတို့ ကွင်းဆင်းတဲ့အချိန် ကျမတို့ လေ့လာခဲ့ရတဲ့ ဟာတွေနဲ့၊ ပြီးတော့ ကျမတို့ ကျောင်းပြီးတော့ အလုပ်ချက် ချင်းမရဘူးကော။ အလုပ်ချက်ချင်းမရဘူးဆိုတော့ ကျမတို့ ဟိုဖက်ဆေးခန်းကူလိုက်ပေါ့နော်။ အဲ့လိုကူတာတွေနဲ့ ကျမတို့ ရလာတဲ့ ပညာတွေနဲ့ ပေါ့နော်။ ဒီမှာ ပြန်လာပြီး ကုတဲ့အချိန်မှာ ကျမကတော့ ကျွမ်းကျင်တဲ့ မျိုးတော့ မဟုတ်ပေမယ့် ကျမထက်ကျွမ်းကျင်တဲ့ စီနီယာတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ကုသမှုပြုလုပ်ရတဲ့ အပိုင်းတွေလည်း ရှိတာပေါ့နော်။”

KNDF တပ်ရင်း ၃မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးမှူးက သူတို့တပ်ရင်းမှာ ရဲဘော်တွေအတွက် ဆေးဝါးမလုံလောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဆေးဝါးကတော့ ဘယ်လိုပဲဖြစ်ဖြစ် လုံလောက်မှုမရှိဘူးပေါ့နော်။ ဒီအခြေအနေနဲ့ ခါကျတော့ လိုချင်တဲ့ဆေးကို ရှာဝယ်ရင်တောင်မှ ရှာဝယ်ဖို့ ခက်ခဲတဲ့ အခြေအနေမှာလည်း ရှိတယ်။ ခွဲကနေ ဒီလို ဆေးလိုပါတယ်လို့ ကိုယ့်ဆီကို အကူအညီတောင်းလာတဲ့အချိန်မှာလည်း ကိုယ်က အပြည့်အဝကြီး ပြန်မပေးနိုင်တဲ့ အခြေအနေလည်း ရှိတာပေါ့နော်”

သူ့လိုပဲ တခြား CDM ကျန်းမာရေးဝန်ထမ်းတွေလည်း တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီ ပေးနေကြတာတွေလဲရှိပါတယ်။

ပြည်သူတွေအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဒီတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးဖို့နဲ့ ဆေးဝါးတွေအတွက် လှူဒါန်းပေးကြဖို့ သူကတောင်းဆိုပါတယ်။

“ကျမတစ်ယောက်ရဲ့ခံယူချက်ကတော့ ဒီတော်လှန်ရေးကိုတော့ ကျမတစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်ရင်တော့ ကျမ ကူညီသွားမယ်ပေါ့နော်။ ပြီးတော့ အဆုံးထိလည်း သွားမယ်လို့တော့ ခံယူထားတယ်ပေါ့နော်”

တော်လှန်ရေး ဆေးမှူးဘဝနဲ့ တောထဲမှာ ဖြတ်သန်းရင်း တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ကျမှပဲ သူ့စွန့်လွတ်ထားခဲ့တဲ့ အလုပ်တာဝန်တွေကို ပြန်ပြီး ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...