စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့နယ်အချို့ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရ

စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့နယ်အချို့ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရ
မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာ (ချင်းတွင်းချစ်သူ (AFP))
မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာ (ချင်းတွင်းချစ်သူ (AFP))

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့နယ်အချို့တွင် ဖုန်းလိုင်းများ ပြတ်တောက်ခံထားရသည်။

မန္တလေးမြို့သို့ရောက်ရှိနေသော မုံရွာမြို့ခံတစ်ဦးက မေလ ၂၈ ရက်နေ့ ည ၆ နာရီခန့်မှ စတင်ပြီး မိသားစု ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း မဇ္ဈိမကို ပြောသည်။

“ဖုန်းလိုင်းဖြတ်ထားတာ ဟုတ်ပါတယ်။ ညီမတောင် မန္တလေးရောက်နေလို့ အိမ်ကိုဖုန်းဆက်တာ ဆက်လို့ မရသေးဘူး။ ဒီည ၄ နာရီလောက် ပြန်ရမယ်လို့တော့ ကြားတယ်။ မနေ့ည ၄ နာရီလောက်က အိမ်နဲ့ ဖုန်း ပြောပြီးတော့ ည ၆ နာရီလောက်မှာ ဖုန်းလိုင်းပြတ်တောက်သွားတာ” ဟု မန္တလေးမြို့ကို ရောက်နေသော မုံရွာဒေသခံက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ဒေသခံငါးဦးခန့်ကို မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများ ဆက်သွယ်၍ မရခဲ့ပေ။

မကွေးတိုင်းထဲက ပေါက်မြို့နယ်တွင်မူ မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအထိ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း မရှိသော်လည်း ယောဒေသ၊ ဂန့်ဂေါခရိုင်တွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားကြောင်း မဇ္ဈိမက ဆက် သွယ်ရရှိခဲ့သည့် ပေါက်မြို့ဒေသခံက ပြောသည်။

“ဒီဘက်ကတော့ ဖုန်းလိုင်းတွေ ရနေပါသေးတယ်။ ယောဒေသ ဂန့်ဂေါခရိုင်မှာတော့ ဖုန်းလိုင်းဖြတ်ထား တယ်ကြားတယ်” ဟု ပေါက်မြို့ဒေသခံက ပြောသည်။

မဇ္ဈိမကရရှိထားသည့် သတင်းအချက်အလက်များအရ အင်အား ၁၀၀၀ ဝန်းကျင်ပါသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်းအတွင်းမှ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် မုံရွာ မြို့အနောက်ဘက်ခြမ်းဒေသများကို စစ်ကြောင်းခွဲကာ ဝင်ရောက်ထိုးစစ်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် သတင်းမပေါက်ကြား စေရန်အတွက် ဖုန်းလိုင်းများကိုဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး နယ်ဘက်မှ ဒေသခံများအတွက် စိုးရိမ် ကြောင်း မဇ္ဈိမနှင့် အဆက်သွယ်ရခဲ့သော မုံရွာဒေသခံက ပြောသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အား ကောင်းသောဒေသများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ တိုက်ပွဲများလည်းရှိနေပြီး လူအိမ်ပေါင်းများစွာ နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကို ခံနေကြရသည်။

အဆိုပါ စစ်ရေးတင်းမာနေသော စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့က အင်တာနက်လိုင်းများလည်းဖြတ်တောက်ထားပြီးနောက် မေလ ၂၈ ရက် နေ့ညပိုင်းကစ၍ ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...