ကလေး-တမူး ကားခ ကျပ်နှစ်သိန်းခွဲ အထိရှိနေပြီး တံတားများပျက်စီး၍ ဆိုင်ကယ်ဖြင့် တစ်ဆင့်သွားနေရ

ကလေး-တမူး ကားခ ကျပ်နှစ်သိန်းခွဲ အထိရှိနေပြီး တံတားများပျက်စီး၍ ဆိုင်ကယ်ဖြင့် တစ်ဆင့်သွားနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း လမ်းတစ်လျှောက် ပျက်စီးနေသည့် တံတားများကို ပြင်ဆင်နေဆဲဖြစ်သဖြင့် ခရီးသည်များ ဆိုင်ကယ်ကယ်ရီဖြင့် တစ်ဆင့်သွားနေရပြီး ကားခမှာ လူတစ်ဦးလျှင် ကျပ် ၂၅၀,၀၀၀ အထိ ရှိကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကလေး-တမူး လမ်းပိုင်းကို စစ်တပ်က လေကြောင်း နှင့် မြေပြင်အင်အားများဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့တွင် အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

လက်ရှိတွင် ကားလိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း တံတား ပျက်စီးမှုများကြောင့် တိုက်ရိုက် ခရီးပေါက် ခြင်း မရှိသေးဘဲ ခါမ်းပါတ်မှ ဆိုင်ကယ်ကယ်ရီဖြင့် တစ်ဆင့် သွားနေရကြောင်း ကလေးမြို့ခံတစ်ဦးက ပြော သည်။

“ကားလိုင်းတွေကတော့ အပြိုင်အဆိုင် ကြော်ငြာနေကြတာပဲ၊ တစ်ယောက်ကို နှစ်သိန်းခွဲတဲ့။ ရပ်ကွက် ဒါမှ မဟုတ် ရဲစခန်း ထောက်ခံစာလည်းလိုတယ်၊ တိုက်ရိုက်ရောက်တာတော့ မဟုတ်သေးဘူး၊ လမ်းမှာ တံတားပျက် တာတွေရှိလို့ ခါမ်းပါတ်ကနေ ဆိုင်ကယ်ကယ်ရီနဲ့ ပြန်သွားရတာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပျက်စီးခဲ့သော တမူးမြို့နယ် အတွင်းရှိ တွီဗန်းနှင့် နန်မွန်တား တံတားများကို ပြင်ဆင်နေပြီး တံတားများ ပြင်ဆင်ပြီးစီးပါက ကလေး-တမူး တိုက်ရိုက်ခရီး ပေါက်နိုင်မည်ဟု ၎င်းက ဆိုသည်။

စစ်တပ်က အာဏာမသိမ်းမီ မိုင် ၈၀ ကျော်ဝေးသည့် ကလေး-တမူး ကားလမ်း ခရီးစရိတ်မှာ လူတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ ခန့်သာ ရှိခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ချိန်တွင် ဆိုင်ကယ်ကယ်ရီခမှာ ကျပ် ၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ရှိခဲ့ကြောင်း ကလေးမြို့ခံက ပြောသည်။

ကားလိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း အများစုမှာ ကလေးမြို့နှင့် တမူးမြို့အကြား အိန္ဒိယနိုင်ငံအတွင်း ဖြတ်သန်းသွားသည့် ကွင်းလမ်းကို အသုံးပြုနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တမူးမြို့ခံတစ်ဦးက “အခုသွားနေကြတာ တော်တော်နည်းပါတယ်။ အများစုကတော့ ဆိုင်ကယ်နဲ့ပဲ ကွင်းလမ်း က သွားနေကြတာ၊ ကုန်ပစ္စည်းတွေလည်း အဲဒီလမ်းက သယ်နေရတာ” ဟု ပြောသည်။

မိုးရာသီနှင့် တိုက်ပွဲအခြေအနေများအပေါ် မူတည်၍ ကလေးမြို့မှ တမူးမြို့အထိ ဆိုင်ကယ်ကယ်ရီခမှာ အတက် အကျရှိပြီး ကျပ် ၂၅၀,၀၀၀ မှ ၃၅၀,၀၀၀ အထိ ရှိခဲ့ကြောင်းဆိုသည်။

လက်ရှိ ပျက်စီးနေသော တံတားများ ပြင်ဆင်ပြီး တိုက်ပွဲများ ထပ်မံမဖြစ်ပွားပါက ကလေး-တမူး လမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်သော်လည်း လုံခြုံရေးအခြေအနေများကြောင့် လမ်းဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နိုင်ကြောင်း တမူးမြို့ခံက ပြောသည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေးအတွက် နယ်မြေတည် ငြိမ်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် အဆိုပါလမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား သည့် နယ်မြေများကို ထိုးစစ်ဆင်သိမ်းပိုက်ကာ လမ်း ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ကလေး-တမူး လမ်းပိုင်းကို စစ်တပ်အနေဖြင့် အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲပြီး နယ်စပ်ကုန်သွယ်ရေး ချော မွေ့စွာ ပြုလုပ်လိုပါက ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ခွင့်ပြုချက်နှင့် သဘောဆန္ဒ လိုအပ်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်ကြသည်။

ဓာတ်ပုံ - (CJ) စစ်ပွဲများအတွင်း ပျက်စီးသွားသည့် ခါမ်းပါတ် တံတား။

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...