တာမွေသုသာန်မှ အုတ်ဂူများနှင့် သစ်ပင်များ စက်ယန္တရားဖြင့် ဖျက်ဆီးခံရ

တာမွေသုသာန်မှ အုတ်ဂူများနှင့် သစ်ပင်များ စက်ယန္တရားဖြင့် ဖျက်ဆီးခံရ

အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ် သုသာန် အတွင်း မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာမှ အုတ်ဂူများနှင့် နှစ်ရှည်ပင်များကို စက်ယန္တရားများ အသုံးပြု၍ ဖျက်ဆီးခဲ့ကြောင်း သုသာန်ဂေါပကအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြေနေရာနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု အငြင်းပွားမှုမှာ တရားရုံး၌ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီး လက်ရှိအချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက် မရှိသေးချိန်တွင် ယခုကဲ့သို့ ဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အငြင်းပွားနေသည့် မြေနေရာသည် မူလက သုသာန်အဖြစ် အသုံးပြုရန် ၁၉၂၁ ခုနှစ်တွင် အလှူရှင်က လှူဒါန်း ထားသည့် မြေဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင် စတင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကာ ၁၉၉၇ ခုနှစ်၌ အစိုးရဘက်က သင်္ဂြိုဟ်မှုကို ရပ်ဆိုင်းခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်က ပြောသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် မူလမြေအလှူရှင်၏ မျိုးဆက်များက လှူဒါန်းထားသည့် မြေကို ပြန်လည် ရယူလိုကြောင်း တောင်းဆိုလာရာမှ မြေပိုင်ဆိုင်မှု အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍ ဂေါပကအဖွဲ့က ဘာသာရေး ဓမ္မသတ်ပညာရှင်များနှင့် တိုင်ပင်ခဲ့သလို မြေ ပြန်လည်တောင်းဆိုသူများကိုလည်း ရုံးခန်းသို့ သုံးကြိမ်ခန့် ခေါ်ယူတွေ့ဆုံကာ လှူဒါန်းပြီးသည့် မြေကို မူလပိုင်ရှင် ကပင် ပြန်လည်တောင်းဆိုခွင့်မရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

“၂၀၁၀ ခုနှစ်လောက်ရောက်တော့ အလှူရှင်ရဲ့ မြေးမြစ်တွေက သူတို့အဘိုးလှူခဲ့တဲ့မြေကို ပြန်ပေးဖို့ တောင်း တယ်။ ကျနော်တို့က ဓမ္မသတ်ဆရာတော်ကြီးတွေနဲ့လည်း တိုင်ပင်တယ်။ သူတို့ကိုလည်း ရုံးခန်းမှာ သုံးကြိမ် လောက် ခေါ်တွေ့ပြီး တခါလှူပြီးသွားရင် ပိုင်ရှင်တောင် ပြန်တောင်းခွင့်မရှိဘူးဆိုတာ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က လက်မခံခဲ့ဘူး” ဟု ဂေါပကအဖွဲ့ဝင်က ပြောသည်။

ထို့နောက် မြေပြန်လည်တောင်းဆိုသူများဘက်က တရားရုံးသို့ လျှောက်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် “အမွေကို စီမံခန့်ခွဲပေးစေလိုမှု” ဆိုင်ရာ ဒီဂရီတစ်ခု ရယူခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်က ဆိုသည်။

အဆိုပါကိစ္စကို ဂေါပကအဖွဲ့က ၂၀၁၄ ခုနှစ်တွင် သတင်းစာကြေညာချက်မှတစ်ဆင့် သိရှိခဲ့ရပြီးနောက် တရားရုံး၌ ပြန်လည်တရားစွဲဆိုခဲ့သည်။

ဂေါပကအဖွဲ့ဘက်ကမူ အငြင်းပွားနေသည့် မြေမှာ သုသာန်အတွက် လှူဒါန်းထားသည့် မြေဖြစ်ကြောင်း တင်ပြ ခဲ့ပြီး ယင်းနောက် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် တရားရေး အငြင်းပွားမှုမှာ ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့် လာခဲ့သည်။

“၂၀၁၄ ခုနှစ်မှာ သတင်းစာမှာ ကြေညာမှ ကျနော်တို့သိပြီး တရားပြန်စွဲတာ။ အဲ့ဒီကနေ တရားဖြစ်လိုက်တာ ၁၀ နှစ်လောက်ကြာတယ်။ ကျနော်တို့က ဂေါပကအဖွဲ့ဖြစ်တဲ့အတွက် ရှေ့နေချုပ်ရဲ့ ခွင့်ပြုမိန့်လိုတယ်ဆိုလို့ ရှေ့နေ ချုပ်ဆီကို ခွင့်ပြုမိန့်တောင်းဖို့ တင်ထားတယ်။ အခုချိန်ထိတော့ ပြန်မကျသေးဘူး” ဟု ၎င်းက ပြောသည်။

တရားရေးလုပ်ငန်းစဉ်များ ဆက်လက်ရှိနေစဉ်အတွင်း အဆိုပါ မြေနေရာ၌ ဖျက်ဆီးမှုများ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ယင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ ရာဇဝတ်မှု ၆ မှုမှ ၇ မှုခန့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်က ဆိုသည်။

လတ်တလောဖြစ်စဉ်တွင် အငြင်းပွားနေသည့် မြေနေရာကို တရားလိုနှင့် ဆက်စပ်သူများက အမှိုက်ရှင်းလင်း မည်ဟု အကြောင်းပြကာ ဝင်ရောက်ခဲ့ပြီးနောက် သုသာန်အတွင်းရှိ အုတ်ဂူများနှင့် နှစ်ရှည်ပင်များကို စက်ယန္တရားများဖြင့် ဖျက်ဆီးခဲ့သည်။

“သူတို့ပိုင်တဲ့မြေကွက်ထဲ ဝင်ပြီး အမှိုက်ရှင်းမယ်ဆိုပြီး အကြောင်းပြတယ်။ အမှန်က အမှိုက်ရှင်းတာ မဟုတ် ဘူး။ အထဲမှာရှိတဲ့ အုတ်ဂူတွေကို ဂေါ်ကားကြီး၊ စက်ကားကြီး လေးစင်းနဲ့ အင်အားသုံးပြီး ဖျက်ဆီးလိုက်တယ်။ နှစ်ရှည်အပင်တွေကိုလည်း ဖျက်ဆီးလိုက်တယ်။ တရားရုံးကိုကျော်ပြီး လုပ်တာလို့ ကျနော်တို့မြင်တယ်။ တရား ရုံးကလည်း သူတို့ကို ခွင့်ပြုမိန့်ပေးထားတာ မရှိသေးဘူး” ဟု ဂေါပကအဖွဲ့ဝင်က မဇ္ဈိမသို့ ပြောသည်။

တာမွေအစ္စလာမ်သုသာန်သည် ရန်ကုန်မြို့ရှိ သက်တမ်းရင့် မွတ်စလင်သုသာန်များအနက် တစ်ခုဖြစ်ပြီး မြန်မာ့ လွတ်လပ်ရေးသမိုင်းနှင့်လည်း ဆက်နွှယ်နေသည့် နေရာတစ်ခုဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ၎င်း၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ကို တာမွေရှိ ဆွန်နီ မွတ်စလင်သုသာန်၌ မြှုပ်နှံထားကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

နှစ်စဉ် အာဇာနည်နေ့တွင်လည်း ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ အုတ်ဂူများသို့ မိသားစုဝင်များနှင့် အများ ပြည်သူက သွားရောက်ဂါရဝပြုမှုများ ရှိခဲ့သည့်အတွက် ယင်းသုသာန်သည် ဘာသာရေးဆိုင်ရာ သင်္ချိုင်းမြေ တစ်ခု ဖြစ်သည့်အပြင် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် ဆက်စပ်သည့် အမှတ်တရနေရာတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ယခု အငြင်းပွားနေသည့် မြေကွက်သည် သုသာန်တစ်ခုလုံး၏ မည်သည့်အစိတ်အပိုင်းဖြစ်ပြီး မူလလှူဒါန်းမှု၏ မြေဂရန်နှင့် မြေစာရင်းမှတ်တမ်းများတွင် မည်သူ့အမည်ဖြင့် ရှိနေသည်ဆိုသည့် အချက်များကို တရားဝင် မြေယာမှတ်တမ်းများဖြင့် ထပ်မံအတည်ပြုရန် လိုအပ်နေဆဲ ဖြစ်သည်။

Most read this week

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...