စက်သုံးဆီတန်ချိန် သုံးသောင်းကျော် ဖြန့်ဖြူးပေးနေကြောင်း ကြေညာပြီးနောက် မန္တလေးတွင် ဓာတ်ဆီ ဝယ်မရ

စက်သုံးဆီတန်ချိန် သုံးသောင်းကျော် ဖြန့်ဖြူးပေးနေကြောင်း ကြေညာပြီးနောက် မန္တလေးတွင် ဓာတ်ဆီ ဝယ်မရ

မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA) က စက်သုံးဆီ တန်ချိန်သုံးသောင်းကျော်ဖြန့်ဖြူးပေးနေကြောင်း ကြေညာပြီးနောက်ပိုင်း မေလ ၂၃ ရက်နေ့တွင် မန္တလေးမြို့၌ 92 နှင့် 95 ဓာတ်ဆီ ဝယ်ယူ၍မရသည့် အခြေအနေအထိ ရောက်ရှိသွားကြောင်း သိရသည်။

“ဆိုင်ကြီးတွေမှာတောင် တစ်ဆိုင်နဲ့တစ်ဆိုင် ဝယ်ရတာမတူတော့ဘူး။ တစ်ဆိုင်က အကန့် အသတ်နဲ့ရောင်းပေးတယ်။ နောက်တစ်ဆိုင်က အရောင်းပိတ်ထားတယ်။ ဒါက ဒီနေ့အခြေအနေပေါ့နော်။ ဆီဝယ်ရတာအရမ်းကိုခက်ခဲသွားပြီ။ နှစ်သောင်းဖိုးလောက် တောင်ရဖို့မလွယ်တော့ဘူး” ဟု စက်သုံးဆီ နေ့စဉ် ဝယ်ယူအသုံးပြုနေရသူ မန္တလေး ဒေသခံ တစ်ဦးကပြောသည်။

မန္တလေးမြို့၏ စက်သုံးဆီအရောင်းဆိုင်အများစု အရောင်းပိတ်ထားသည်ကိုတွေ့ရပြီး ဆိုင်ကြီးများပင်လျှင် ရောင်းစရာဆီမရှိခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းတို့ကို လုပ်ဆောင်နေရကြောင်းသိရသည်။

“သီလဝါမှာဆီတွေချနေပြီဆိုပြီး MPTA ကကြေညာလိုက်ပြီးကတည်းက ဆီက ဝယ်မရတော့ဘူး။ မန္တလေးကဆီဆိုင်တွေတော်တော်များများပိတ်ကုန်တယ်။ ဆိုင်ကြီး တွေမှာတောင် ရောင်းတစ်လှည့် မရောင်းတစ်လှည့်နဲ့ အခြေ အနေကြည့်နေတယ်ထင်တယ်။ တချို့ဆိုင်တွေဆို တမင်မရောင်းပေးတာ များလားလို့ သံသယဖြစ်မိတယ်။ ဈေးအတက်စောင့်နေတာများလားပေါ့” ဟု မြို့ခံတစ်ဦးကပြောသည်။

မန္တလေးမြို့တွင် မေ ၂၃ ရက်နေ့ စက်သုံးဆီပေါက်ဈေး ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော်ရှိပြီး 95 တစ်လီတာလျှင် ကျပ် ၂,၃၀၀ ကျော်မှ ၂,၄၀၀ ကြားအထိရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းသည် မေလ ၂၁ ရက်နေ့က စက်သုံးဆီတန်ချိန် ၁၇,၂၀၀ တင်ဆောင်လာသည့် MT Yu Hai သင်္ဘောနှင့် တန်ချိန် နှစ်သောင်းတင်ဆောင်လာသည့် ABERLOUR သင်္ဘောနှစ်စီးတို့ ရန်ကုန် သီလဝါဆိပ်ကမ်းတွင် ဆီချနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာထားသည်။ အဆိုပါသင်္ဘောများထံမှ ဓာတ်ဆီ 92 နှင့် 95 များအား Terminal များကတစ်ဆင့် ဖြန့်ဖြူးနေကြောင်း နှင့် နောက်ထပ်ဆိုက်ရောက်ရန်ရှိကြောင်းလည်း ဖော်ပြထားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...