ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာ ပြင်းထန်

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာ ပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မှ ယနေ့ နံနက် ၇နာရီဝန်းကျင်တွင် အရပ်သား ပြည်သူနှစ်ဦးကို ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုင်းတောင်ကျေးရွာအုပ်စု ကရင်ချောင် ကျေးရွာဘက်တွင် လက်နက်ငယ်များ ယမ်းသမ်း ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဆိုင်းတောင်ကျေးရွာအုပ်စု မမုန်ကိုင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

“တိုက်ပွဲဖြစ်ပွားတာတော့မရှိဘူးဗျ။ ဒါပေမယ့် ကရင်ချောင်ရွာက တံတားထိပ်မှာတော့ ပြည်သူတစ်ယောက် ဆိုင်ကယ်စီးလာတာ သူတို့တားတာကို မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ လေးချက်ပစ်တာ။ အဲ့မှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ အလောင်းကိုတော့ ကြက်ခြေနီက လာကောက်သွားတယ်။ အဲ့သေသွားတဲ့အ မျိုးသားက တစ်ယောက်ထဲလာတာ အဖော်မရှိမပါတော့ သူကဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး”ဟု ယင်းအမျိုးသားက ပြောသည်။

အလားတူ ဆိုင်းတောင်နဲ့ဖားပြင်ကျေးရွာကြား လမ်းခုလမ်းတွင်လည်း နံနက် ၈နာရီဝန်းကျင် လမ်းလုပ်သားဟုယူဆရသည့် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ခဲ့သောကြောင့် အခြေအနေ စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“လက်နက်ကြီးနှစ်ချက်ပစ်တဲ့ဟာကလည်း တံတားပေါ်ကျပြီးမှ ပြည်သူတစ်ယောက်ထိတယ်”ဟု တခြားဒေသခံတစ်ဦးကပြောသည်။

အဆိုပါလက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသားမှာ အခြေအနေစိုးရိမ်ရပြီး ဖားကန့်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကာ ဆေးကုသပေးနေကြောင်း သိရသည်။

လတ်တလောတွင် ဟင်တင့် ကျေးရွာနှင့် ကရင်ချောင်ကျေးရွာပြည်သူများ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းများတွင် ထွက်ပြေးခိုလှုံနေရပြီး ကရင်ချောင် ကျေးရွာပြည်သူများကို ဒူးထောက်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆိုင်းတောင်ကျေးရွာအုပ်စုတွင် လတ်တလော စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အပြင် နေရာအနှံ့ ကင်းပုန်းချထားမှုများရှိနေသောကြောင့် တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံ မှ သိရသည်။

ဖားကန့်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ဝှေခါကျေးရွာအနီး မေလ ၂၀ရက်နေ့ တစ်ကြိမ်၊ မေလ ၂၂ရက်နေ့တစ်ကြိမ် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်းသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...