အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှု မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနဆို

အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှု မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနဆို

အပြစ်မဲ့ကျဆုံးခဲ့ရသော ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးလုပ်သားများ၊ ပြည်သူများအတွက် တရားမျှတမှု မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာက မေလ ၂၂ ရက်  ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကကျဆုံးခဲ့ရသော မန္တလေးဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင်အတွက် ဝမ်းနည်းကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူအားလုံး ကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာစီရင်မည်ဖြစ်ကြောင်းထုတ်ပြန် ကြေညာထား သည်။

ကိုကျော်ညီဇင်သည် မေလ ၂၀ ရက်နေ့က ချောင်းဦး-မုံရွာ ကားလမ်းပေါ် မောင်းနှင်နေသည့်ကားကို စစ်ကောင်စီက ရုတ်တရက်ရပ်တန့်ခိုင်းရာ ကားအရှိန်ကြောင့် ချက်ချင်းမရပ်တန့်ခဲ့၍ ပစ်ခတ်ခံရခြင်းဖြစ် သည်။

ဦးခေါင်းကို ထိမှန်ပြီးနောက်တွင် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသောဒဏ်ရာကြောင့် နေ့လယ်ပိုင်းတွင် ဆုံးပါးသွားခဲ့သည်။ ကိုကျော်ညီဇင်၏ ရုပ်လောင်းကို မန္တလေးသို့ ပြန်ယူဆောင်ခဲ့ပြီး မေလ၂၁ ရက်နေ့တွင် ဂူသွင်း မြှပ်နှံခဲ့သည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်သည် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများ၊ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချ ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များကို အဓိပ္ပာယ်မဲ့ ရုပ်သိမ်းခြင်းအပြင် လူနာများ၏ လျှို့ဝှက်အပ်သော အချက်အလက်များကို ကျင့်ဝတ်နှင့်မလျော်ညီစွာ စောင့်ကြည့်ရယူခြင်း၊ ဆေးရုံ/ ဆေးခန်းများကို အဓမ္မဝင်ရောက်စီးနင်းခြင်း၊ စစ်ဆေးအရေးယူခြင်းနှင့် လုယက်ချိပ်ပိတ်သိမ်းပိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များကို အစဉ်တစိုက် ကျူးလွန်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မေလ ၂၀ ရက်နေ့အထိထုတ်ပြန် သော စာရင်များအရ အာဏာသိမ်းထားသည့်ကာလအတွင်း လူပေါင်း ၁၈၅၀ ကျော်ကို သတ်ဖြတ်ထားပြီး ၁၃၇၀၀ ကျော်ကို ဖမ်းဆီးထားသည်။

စစ်အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ပြည်သူလူ ထုတစ်ရပ်လုံးနှင့်လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...