ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လုနီးပါးဖြစ်နေ

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လုနီးပါးဖြစ်နေ
ဒီးမော့ဆို မြို့နယ်  အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်နေရာ | Photo: CJ
ဒီးမော့ဆို မြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်နေရာ | Photo: CJ

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဆောင်ဒူလာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဆန်၊ ရိက္ခာခြောက်တွေ မရောက်လာတော့တာကြောင့် ပြတ်လုနီးပါးအခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လူတစ်ဦးကို ဆန်တစ်ပြည်ဝေပေးပြီး နှစ်ပတ်စာအဖြစ် ချွေတာစားဖို့ စီမံထားရတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ထုတ်ပေးတာက လူဦးရေနဲ့ ထုတ်ပေးပေမယ့်လည်း အကန့်အသတ်တော့ ရှိတာပေါ့နော။ ဘာလို့လဲဆို ကျနော်တို့လည်း ဆန်သိပ်မကျန်တော့တဲ့ခါကျတော့ တစ်ပတ်စာ၊ နှစ်ပတ်စာကို ချွေတာ စားခိုင်းတာပေါ့နော။ တစ်ယောက်ကို တစ်ပြည်နှုန်းနဲ့ နှစ်ပတ်စာ ကျနော်တို့ သတ်မှတ်လိုက်တယ်လေ။ ဒါနဲ့ မလုံလောက်ဘူးဆိုတာ ကျနော်တို့ သိတယ်။ နည်းနည်းရှာစားနိုင်တဲ့သူကိုတော့ ရသလောက် ရှာစားကြ အဲ့လိုပဲ တိုက်တွန်းပေးနိုင်တယ်ပေါ့နော။” လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဲဒီ စစ်ရှောင်စခန်းကသူတွေဟာ ၂၀၂၁ ခုနှစ် မေလ ကုန်ပိုင်းမှာ စတင်ပြီး စစ်ဘေးရှောင်ရာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ အိမ်ခြေ ၅၄၁ လုံး ၊ လူဦးရေ ၂၃၅၅ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အလှူရှင်၊ စားနပ်ရိက္ခာ မရောက်လာတော့တာကြောင့် သိုလှောင်ထားတဲ့ ဆန်၊ ဆီ၊ ရိက္ခာခြောက်တွေ ဝေပေးတဲ့အခါ အခက်အခဲတွေ များစွာ ရှိတယ်လို့ ကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရိက္ခာလုံလောက်မှု မရှိပဲ မိခင်နဲ့ ကလေးတွေမှာ လုံလောက်စွာ မစားသုံးရတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးကို ဆိုးဝါးစွာ ခံစားရတယ်လို့လည်း သိရပါတယ်။

“ အဲ့လိုမျိုး အာဟာရချို့တဲ့တဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်ဆို မွေးကင်းစ ကလေး လေးယောက်တောင် ဆုံးရှုံးတယ်ပေါ့နော။ အဲ့လို သေဆုံးတဲ့အတွက်ကြောင့် ကလေးအတွက်ဆို ဖြစ်နိုင်ရင် အဟာရဓတ်တွေကို အဟာရဖြစ်စေနိုင်မဲ့ အဟာရမုန့်သော်လည်းကောင်း အစားအသောက်သော်လည်းကောင်း ကူညီခိုင်းစေချင်တာပေါ့။ ဘာလို့လဲဆို ကလေးတွေရဲ့ အသက်ကို ကျနော်တို့က တောထဲမှာနေရတဲ့အခါကျတော့ ကျန်းမာရေးလည်းမကောင်းဘူး။ အရေးထဲ အဟာရလည်း မပြည့်ဝတဲ့အတွက်ကြောင့် ဆုံးရှုံးမှုတွေကို ကျနော်တို့ ပိုပြီးတော့မှ စိုးရိမ်လာတယ်။ မိုးတွင်းရောက်ပြီဆို ကျနော်တို့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့နှစ်ထက် ပိုဆိုးလာနိုင်တဲ့ အလားအလာ ရှိလာနိုင်တယ်ပေါ့နော။ “ လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စားနပ်ရိက္ခာလုံလောက်မှု မရှိခြင်းကြောင့် လက်ရှိ စစ်ရှောင်စခန်းဟာ ယခုနှစ် တစ်လပိုင်းကနေ ယခုလ ၅ လပိုင်းအထိ တစ်အိမ်ထောင်ကို ဆီ နှစ်ဗူးသာ ထုတ်ဝေပေးနိုင်သေးတယ်လို့ စခန်းကော်မတီထံကနေ သိရပါတယ်။

ကရင်နီပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် လူဦးရေ နှစ်သိန်းဝန်းကျင်အထိ စစ်ဘေးရှောင်နေရပြီး ယခုအချိန်ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...