ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာလုံးကျွတ် မီးရှို့ခံရ

ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာလုံးကျွတ် မီးရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီမှ တစ်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

မေ ၁၆ ရက်က စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် မွန်းလွဲပိုင်းမှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဆောင်နန်းခဲကျေးရွာကို မီးရှို့ ခဲ့ကြောင်း ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဆောင်နန်းခဲကို သူတို့မီးရှို့လိုက်ပါပြီ။ တစ်ရွာလုံးကိုမီးရှို့ပစ်လိုက်တာပါ။ စိတ်မကောင်းပါဘူးဗျ။ စစ်ကောင်စီက သူတို့ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မီးရှို့လိုက်တာပါ” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလ ၁၂ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အတွက် ဆောင်နန်းခဲကျေးရွာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီက ဆောင်နန်းခဲကျေးရွာကို မီးရှို့အချိန်တွင် ဒေသခံ ပြည်သူများက ရွာအတွင်းရှိမနေတော့ပေ။

ထိုရွာတွင်းရှိ  အိမ်ခြေ စုစုပေါင်း ၄၀ ကျော် ဝန်းကျင်ရှိကြောင်း သိရသည်။

“ သူတို့မီးလာရှို့ တဲ့အချိန်မှာ ရွာထဲကလူတွေ ဘယ်သူမှမရှိဘူး။ အဲ့ရွာကလူတွေက အကုန်လုံးထွက်ပြေး တိမ်းရှောင် နေကြပြီး။ သူတို့က ၁၂ ရက်နေ့ ကတည်းကထွက်ပြေးတိမ်းရှောင်နေကြတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ ဒေသခံများသည် နီးစပ်ရာ မြို့နယ် နှင့် ဆွေမျိုးအိမ်တို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

ထိုအပြင် ဆောင်နန်းခဲ ကျေးရွာကို မီးရှို့ ပြီးနောက် အနီးနားရှိသည့် ကျေးရွာများကိုလည်း စစ်ကောင်စီက မွှေနှောက်ရှာဖွေခဲ့ကြောင်းသိရသည်။



“တစ်ချို့က ပင်လောင်းကို ထွက်သွားတယ်။ တစ်ချို့ကလည်း အနီးနားရှိတဲ့ မြို့တွေဆီကို ထွက်သွားတယ်။ ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်သွားကြတာ။ မနေ့က ဆောင်နန်းခဲကို မီးရှို့ ပြီးတော့ အနီးနားရှိတဲ့ ရွာတွေကို ဝင်ရောက်မွှေခဲ့သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား၊ လေယာဉ်အင်အားဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့်  ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်များက တပ်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

မေ ၁၂ ရက်တွင် သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO) စခန်းကို ဒေသအခြေစိုက် PDF များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...