လားရှိုးမြို့ တစ်နေ့တည်း ဆိုင်ခန်း သုံးခန်း ဖောက်ထွင်းခံရ

လားရှိုးမြို့ တစ်နေ့တည်း ဆိုင်ခန်း သုံးခန်း ဖောက်ထွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မီးပျက်နေသည့်အချိန် တစ်နေ့တည်း ဆိုင်ခန်းသုံးခန်း ဖောက်ထွင်းခံရပြီး မြန်မာကျပ်သိန်း (၂၀) ကျော် ဆုံးရှုံးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ ၁၆ ရက် နံနက် ၃ နာရီကျော်တွင် လားရှိုးမြို့ ဗျူဟာလမ်းပိုင်းမှာ ဖွင့်လှစ်ထားသည့် အဝတ်အထည်ဆိုင်ခန်း ၃ ခန်း ဖောက်ထွင်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗျူဟာလမ်းဘက်က ဆိုင်တွေ ဖောက်ထွင်းခံရတာပါ၊ ဆိုင်ခန်းရဲ့ သော့ခလောက်တွေကို ဓားနဲ့ ကလော်ဖွင့်ပြီး အထဲကို ဝင်သွားတာ၊ မနက် ၃ နာရီဆိုတော့ မိုးမလင်းသေးဘူး၊ CCTV တွေရှိပေမဲ့ သူ့မျက်နှာကို အုပ်ထားလို့ သယ်သူဘယ်ဝါမှန်းတော့ မှန်းလို့မရသေးဘူ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် CCTV မှတ်တမ်းများမှ မြင်တွေ့ရသည့် အဆိုပါ ခိုးသူ အမျိုးသားသည် တစ်ယောက်တည်းလာသည့် အပြင် ဆိုင်ခန်း၏ အနောက်ဘက်မှတစ်ဆင့် ဆိုင်ခန်းအတွင်း ပစ္စည်းများနှင့်ငွေသားများကိုပါ ယူဆောင် သွားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“သူခိုးက အမျိုးသားတစ်ယောက်တည်းပါ၊ သူ့အနေနဲ့ ဒီနားက လမ်းတွေ အခြေအနေတွေကို ဆိုင်ကယ်တစ်စီးနဲ့ အခေါက်ခေါက် အခါခါလာကြည့်တယ်၊ ၃ နာရီလောက်မှာ ဓားတစ်ချောင်းနဲ့ သော့တွေကို ကလော်ဖွင့်ပြီး အထဲက ပစ္စည်းတွေကို ယူသွားတယ်” ဟု အနီးပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦးက CCTV မှတစ်ဆင့် မြင်တွေ့ရသည့် ဖြစ်စဥ်များအား သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖောက်ထွင်းခံရသည့် ဆိုင်ခန်းများသည် Fashion အဝတ်အထည်ဆိုင်များဖြစ်ကြပြီး ဖိနပ်နှင့် အဝတ်အစားတချို့ အပါအဝင် ငွေသားတချို့လည်း ဆုံးရှုံးသွားရကြောင်း သတင်းသိရသည်။

လားရှိုးမြို့တွင် လုယက်တိုက်ခိုက်မှု ဓားပြတိုက်ခိုးယူမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ဒေသတွင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းများ မရှိသည့် အတွက် ပြည်သူများက အားကိုးရာမဲ့နေကြောင်း သတင်းသိရသည်။

ထို့နည်းတူပင် မေလ ၁၅ ရက် နေ့လည်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့ တောင်ရပ်ကွက်မှ နေအိမ်တစ်လုံးလည်း ဖောက်ထွင်းခံရပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ သိန်းဆယ်ချီ ရှိနေကြောင်း သိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...