ကွတ်ခိုင် – မူဆယ်ကားလမ်းမကြီးပေါ် KIA ဆက်ကြေးကောက်မှု တင်းကျပ်

ကွတ်ခိုင် – မူဆယ်ကားလမ်းမကြီးပေါ် KIA ဆက်ကြေးကောက်မှု တင်းကျပ်

သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားရှိ ကားလမ်းမကြီး တစ်လျှောက် တွင် အိမ်စီးကား အပါအဝင် မော်တော်ယာဥ်များကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဆက်ကြေးကောက်တောင်းခံနေမှု တင်းကျပ်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကားလမ်းတစ်လျှောက် KIA တပ်သားတို့သည် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ အပြင် အိမ်စီးကားများကိုပါ တားမြစ်ရပ်တန့်ပြီး ကားပုံနှင့် နံပါတ်ပြားများကို ဓာတ်ပုံရိုက်ယူကာ အခွန်ဆောင်ရန် ကားသမားများကို ပြောဆိုကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားတိုင်းနီးပါးကို တားပြီးရပ်ခိုင်းတယ်၊ ကားဆရာရယ်၊ ကားနံပါတ်ရယ်မေးပြီး ပုံလည်း ရိုက်ယူသွားတယ်၊ ပြီးတော့ သူတို့လိပ်စာကဒ်ပေးပြီးအခွန်သွားဆောင်ဖို့ ပြောတယ်၊ အခွန်ဆောင်ဖို့ ဒီလ ၁၅ ရက်ထက် နောက်မကျစေနဲ့လို့လည်း ပြောတယ်” ဟု အထက်ပါ ကားသမားက ပြောသည်။

ကွတ်ခိုင် – မူဆယ်ကားလမ်းမပေါ်မှ မော်တော်ယာဉ်များထံ ဆက်ကြေးကောက်သည့် လက်နက်ကိုင် တပ်ဖွဲ့များတွင် KIA တပ်ဖွဲ့အပြင် PDF တပ်ဖွဲ့များလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဆက်ကြေးကောက်နေသည့် KIA တပ်သားများက ကားသမားများကို အခွန်ဆောင်ရန် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း လားရှိုး-မူဆယ် ခရီးသည်တင်ယာဉ်မောင်းသည့် ကားသမားတစ်ဉီးလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ပေးထားတဲ့ လိပ်စာကဒ်အတိုင်း ဒီလ ၁၅ ရက်မတိုင် အခွန်ပေးဆောင်တာမရှိရင် နောက် တစ်ခါ ဒီလမ်းကြောင်းမှာတွေ့တဲ့အခါ အပြစ်ပေးခံရမယ်၊ ဒဏ်ပေးမယ်ပေါ့၊ သူတို့ဆီ အခွန်ဆောင် ပြီးရင်တော့ ဖြတ်ပိုင်းလက်မှတ်လိုမျိုးရမယ်၊ ဒါပြနိုင်ရင်သူတို့ဘာမှ မလုပ်ဘူးတဲ့” ဟု အဆိုပါ လားရှိုး-မူဆယ် ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ အခွန်ကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး KIA ထံသို့ ဆက်သွယ်မေးမြန်းရာ အခွန်ကောက်ခံသည့် မူဝါဒများက တပ်ဖွဲ့အတွင်း ရှိနေပြီးသားဖြစ်ကြောင်းနှင့် အသေးစိတ်နှင့်လက်တွေ့လုပ်ဆောင်ချက်များကို သက်ဆိုင်ဌာနများမှ လုပ်ဆောင်နေကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခွန်ကောက်တယ်ဆိုတာတော့ ကျနော်တို့ တရားဝင်ကောက်တာ ရှိပါတယ်၊ ဘယ်လောက်ကောက်လဲ ဆိုတာတော့ ကျနော်လည်း မသိဘူး၊ ဒါက လက်တွေ့ပိုင်းမှာ ဘယ်လောက်ကောက်လဲ ဘယ်လိုကောက်လဲ ဆိုတာက သက်ဆိုင်ရာဌာနတွေကပဲ ကောက်တာပါ” ဟု ဗိုလ်မှူးကြီး နော်ဘူကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းတပ် (SSPP/SSA)၊ တအာင်း (TNLA) ၊ ကိုးကန့် (MNDAA) အပြင် တခြားသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...