ငွေတောင်ရွာသစ်ကျေးရွာက စပါးကျီအပါအဝင် အိမ် ၃၀ခန့် မီးရှို့ဖျက်စီးခံရ

ငွေတောင်ရွာသစ်ကျေးရွာက စပါးကျီအပါအဝင် အိမ် ၃၀ခန့် မီးရှို့ဖျက်စီးခံရ

ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ ဧပြီလ ၁၁ရက်နေ့အထိ လူနေအိမ်နဲ့ စပါးကျီအပါအဝင် ၃၀ခန့်  မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ KNDF B – 15 ကပြောပါတယ်။

စစ်ကောင်စီက ဧပြီလ ၅ရက်နေ့မှာ ဒီးမော့ဆိုကနေ ဖရူဆိုဖက်ကို  စစ်ကြောင်းထိုးရင်း မီးရှို့ဖျက်စီးခဲ့တာဖြစ်တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အိမ်အလုံး ၃၀လောက် စပါးကျီအပါအဝင်ပေါ့နော။ အဲ့လိုမျိုးတွေ ရှို့ထားတာရှိတယ်။ ဒါကတော့ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မဟုတ်ပါဘူး။ တိုက်ပွဲမဖြစ်တဲ့အချိန်လည်း သူတို့ စစ်ကြောင်းထိုးရင်းနဲ့ ရှို့သွားတာလည်း ရှိတယ်။ ဒါကတော့ စကစတွေက ယုတ်မာတော့ လုပ်ချင်လို့ လုပ်တာပေါ့နော။ အဲ့လိုပဲ မြင်တယ်ပေါ့နော။ “ လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ငွေတောင်ရွာသစ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပါတယ်။ ယခင်ကလည်း ကျေးရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ခဲ့တဲ့အတွက် နေအိမ်ပျက်စီးတတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ငွေတောင်ရွာသစ်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီမီးရှို့ဖျက်စီး ခဲ့ပါတယ်။

အခုလို နေအိမ်မီးလောင်တာနဲ့ ပတ်သက်ပြီး ငွေတောင်ရွာသစ်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ သူတို့ဟာက တမင်တကာ သက်သက်ရှို့တာ။ ဘာလို့လဲဆိုတော့ အိမ်နဲ့ ကပ်ရပ်ဟာက မီးစွဲလောင်တာတွေရှိတယ်။ တချို့ကတော့ စပါးကျီတွေ မီးရှို့တယ်။ တချို့ကတော့ သူတို့အိမ်တော့ မလောင်ဘူး။ သူတို့ စပါးကျီတို့ ထင်းပုံတို့တော့ လောင်သွားတယ်။ အဲ့လိုမျိုးပေါ့။ တချို့တော့ အိမ်လောင်သွားတယ်။ စပါးကျီတို့တော့ မလောင်ဘူး။ တချို့ဆိုလည်း နွားခြံတို့ တစ်ဝက်လောင်သွားတယ်။ အဲ့လိုမျိုးရှိတယ်။ ဆိုင်တို့ပေါ့။ အိမ်ဆိုရင်လည်း အပေါ်လောင်သွားတယ်။ အောက်ပိုင်းက အုတ်နဲ့ဆောက်ထားတော့ မလောင်ဘူး။ အဲ့လိုမျိုးရှိတယ်။ “လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ငွေတောင်ရွာသစ်ကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလအတွင်း စတင်တဲ့ ဒီးမော့ဆိုတိုက်ပွဲမှာ စစ်ဘေးရှောင်ခဲ့ကြပြီး နေရပ်ပြန်လည်နေထိုင်တွေလည်း ရှိခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုးဗြဲမြို့ကနေ စတင်စစ်ကြောင်းထိုးလာတဲ့   စစ်ကောင်စီဟာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတဲ့အတွက် ငွေတောင်ရွာသစ်ကျေးရွာအပါဝင် စစ်ဘေးရှောင်တွေ ထပ်မံများပြားလာခဲ့ပါတယ်။  

၂၀၂၁ခုနှစ် ဧပြီလ ၁၀ရက်နေ့အထိ ကရင်နီပြည်က နေအိမ်ပျက်စီးတာ၊ မီးရှို့ခံရတာ  ၅၈၇ လုံး ရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) က ထုတ်ပြန်ထားပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...