ရခိုင်တွင် အွန်လိုင်းငွေထုတ်ခဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

ရခိုင်တွင် အွန်လိုင်းငွေထုတ်ခဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး အလွှဲ အပြောင်းလုပ်ကာ ဒေသခံများ သုံးစွဲနေကြရပြီး လက်ရှိတွင် ငွေထုတ်ခဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေ ကြောင်း ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ဘူးသီးတောင် စသည့်မြို့နယ်များ၌ ငွေကျပ် တစ်သိန်းထုတ်ယူပါက ထုတ်ခဈေးနှုန်းမှာ ၆,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ မြင့်တက်နေခြင်း ဖြစ်သည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “ငွေထုတ်ခဈေးများတယ်။ တစ်သိန်း၊ နှစ်သိန်းလောက်ထုတ်ရင် သိပ် မသိသာပေမယ့် ငွေသိန်းဆယ်ဂဏန်းလောက်ထုတ်ရင်ကို ထုတ်ခက သိန်းချီနေတာ။ ဘယ်လိုမှ အဆင်မပြေ ဘူး။ လွှဲသူရော၊ ထုတ်သူပါ နစ်နာတယ်” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်မှုများနှင့်အတူ ရခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားတွင် လက်ရှိအချိန်ထိ ဘဏ်လုပ်ငန်းများ အားလုံး ရပ်နားထားခဲ့ရပြီး KPay၊ KBZ Banking နှင့် WavePay စသည့် အွန်လိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကိုသာ အဓိကထား အသုံးပြုနေကြရသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ယခင်မိုးရာသီကာလများထက် လမ်းခရီးအခက်အခဲများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်ကြသည့် နယ်စပ်ကုန်သည်များ နည်းပါးသွားခြင်းကြောင့် ဖြစ်သည်ဟု ငွေလွှဲ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသည့် ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကဆို အိန္ဒိယဘက်ကို ကုန်သည်တွေ အသွားများလို့ ကိုယ့်ပြည်တွင်းမှာ ငွေလွှဲငွေထုတ် သွက်တယ်။ အလွှဲလည်းများတယ်။ ငွေသားဆိုလည်း ဈေးအနည်းနဲ့ ဝယ်လို့ရတယ်။ အခုက ငွေသားကို ကိုယ်တွေတောင် ဈေးကြီးပေးပြီး သူများဆီကတစ်ဆင့် ဝယ်နေရတာ၊ ပြီးမှ လာထုတ်တဲ့သူတွေကို ပြန်ထုတ်ပေးရတော့ ပိုပြီး ဈေးတက်သွားတာ။”

လက်ရှိတွင် မြို့နယ်အလိုက် ငွေထုတ်ခဈေးနှုန်းများမှာ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် ငွေကျပ် တစ်သိန်းလျှင် ၆,၀၀၀ ကျပ်၊ ရသေ့တောင်မြို့နယ်တွင် ၇,၀၀၀ ကျပ်နှင့် ဘူးသီးတောင်မြို့နယ်နှင့် အချို့နေရာများတွင် ၁၀,၀၀၀ ကျပ်အထိ မြင့်တက်နေသည်။

ထို့ပြင် ရခိုင်ပြည်အတွင်း အသုံးပြုနေကြသည့် Starlink အင်တာနက်များ မကြာမီကာလအတွင်း ပိတ်တော့မည် ဆိုသည့် သတင်းများကြောင့် Mobile Banking အကောင့်များတွင် ငွေကြေးစုဆောင်းထားခြင်း မရှိတော့ဘဲ ရှိသမျှပိုက်ဆံများကို ငွေသားအဖြစ် အမြန်ထုတ်ယူနေကြခြင်းကလည်း ငွေထုတ်ခဈေးနှုန်းများ မြင့်တက်လာရ သည့် အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း ဆိုကြသည်။

ကျောက်တော်ဒေသခံ ကုန်သည်အမျိုးသားတစ်ဦးက “အခုက ရာသီဥတုအခြေအနေတွေ၊ တခြား စစ်မှုထမ်း ဆင့်ခေါ်တာတွေကြောင့်လည်း ပါမှာပေါ့။ အရင် အိန္ဒိယဘက်သွားနေတဲ့ ကုန်သည်လူငယ်ပိုင်းတွေလည်း သိပ် မသွားကြတော့ဘူး။ သက်ကြီးပိုင်းတွေကျတော့လည်း ရာသီဥတုဆိုး၊ ခရီးကြမ်းရင် မသွားကြတော့ ကုန်သွား တဲ့လူ နည်းသွားတယ်။ ပြီးတော့ တချို့ကျရင် ခရီးစရိတ် အရင်ထက်ပိုကြီးသွားလို့ အမြတ်နည်းလာတယ်ဆိုပြီး ရပ်ထားတာလည်း ရှိတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ငွေသားထုတ်ခဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ပြည်ပရောက် မိသားစုဝင်များ၏ ဝင်ငွေကို မှီခိုကာ စားဝတ်နေရေး ဖြေရှင်းနေကြရသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအဖို့ ပိုမို အခက်တွေ့လာနေကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်သူ အများအပြားမှာ ထိုင်း၊ မလေးရှား၊ တရုတ် စသည့်နိုင်ငံခြားတိုင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင် နေကြသူများဖြစ်ပြီး ၎င်းတို့၏ လုပ်အားခလစာများကို မှီခိုကာ ရခိုင်ပြည်တွင်းရှိ မိသားစုများမှာ စားဝတ်နေရေး ကို ဖြေရှင်းနေကြရခြင်း ဖြစ်သည်။

သို့သော် ငွေသားပြတ်လပ်မှုများကြောင့် အေးဂျင့်ဆိုင်များမှတစ်ဆင့် ငွေထုတ်ယူရာတွင် ကော်မရှင်ခ အမြောက် အမြား ပေးဆောင်နေရသည့်အပြင် ငွေလွှဲငွေထုတ် များပြားသော အွန်လိုင်းငွေပေးချေမှု အကောင့်များကိုလည်း စစ်ကောင်စီက စောင့်ကြည့်ဖြတ်တောက် ပိတ်ပင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်အတွင်း၌ ၂၀၂၃ ခုနှစ်နှောင်းပိုင်း တိုက်ပွဲများ စတင်ပြင်းထန်လာချိန်မှစတင်ကာ စစ်တပ်၏ မြန်မာ့ စီးပွားရေးဘဏ်အပြင် ကမ္ဘောဇ (KBZ)၊ ဧရာဝတီ (AYA)၊ အင်းဝ စသည့် ပုဂ္ဂလိကဘဏ်ခွဲများအားလုံး ပိတ်သိမ်း သွားခဲ့ကြသည်။

လက်ရှိကြုံတွေ့နေရသည့် အဆိုပါ အခြေအနေများကို လျော့ချနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ကိုယ်ပိုင်ဘဏ် စနစ်တစ်ခု တည်ဆောက်ရန် စတင်ပြင်ဆင်နေကြသော်လည်း လက်တွေ့တွင်မူ ယခုအထိ အကောင်အထည် မဖော်နိုင်သေးပေ။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...