ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင် ရွှေအလွန်အကျွံ တူးဖော်နေကြခြင်းကြောင့် ဒေသခံများက ရပ်တန့်ပေးရန် တောင်းဆိုနေကြသည်။
မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စုရှိ ဆင်လုံဒမ်း (၂) ကျေးရွာ၏ လယ်ယာမြေများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြေစာရင်းဌာနနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ဆင်လုံဒမ်းဒေသခံ အမျိုးသားတစ်ဦးက ကေအန်ဂျီ (KNG) သို့ ပြောသည်။
“စတူးတာက ၂၀၂၃ ခုနှစ်ကတည်းကပါ။ အစပိုင်းမှာတော့ နမ့်ဆဘွမ်ဘက် တောတောင်တွေမှာ တူးကြတာ။ အခုတော့ တောတောင်တွေကုန်သွားတော့ လယ်ကွက်တွေအထိ ရောက်လာတယ်။ နမ့်ဆဘွမ်ဘက်က လယ် တွေလည်း ကုန်သွားပြီ။ အခု ဆင်လုံဒမ်း (၂) လယ်တွေကို လာတူးနေကြတယ်။ ရဲပါတယ်၊ တပ်လည်းပါတယ်၊ ထွေအုပ်နဲ့ မြေစာရင်းကအစ အားလုံးပါဝင်နေကြတယ်။”
ဆင်လုံဒမ်း (၂) ကျေးရွာတွင် လယ်ယာမြေဧက ၅၀၀ ကျော်ရှိပြီး လက်ရှိတွင် ၁၀ ဧကကျော်အထိ တူးဖော်ပြီးစီး နေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ ရွှေတူးဖော်မှုလုပ်ငန်းတွင် ဘက်ဖိုးစက် ၁၀ စီးခန့်ကို အသုံးပြုနေပြီး မချမ်းဘော့နှင့် ပူတာအိုမြို့တို့မှ ရွှေလုပ်ငန်းရှင်များလည်း ပါဝင်လုပ်ကိုင်နေကြသည်။
ဆင်လုံဒမ်းဒေသခံ အမျိုးသားက “လုပ်ငန်းရှင်တွေက လယ်တွေဝယ်ပြီး တူးကြတာပါ။ လယ်ရောင်းဝယ်တဲ့ အခါ မြေစာရင်း၊ ရဲတွေပါ ပါဝင်တယ်။ မရောင်းချင်တဲ့ လယ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဘေးက အကွက်တွေ တူးဖော်လာတော့ မနေနိုင်လို့ ရောင်းလိုက်ရတာတွေ ရှိတယ်။ အခု ဆယ်ဧကလောက် တော့ တူးပြီး သွားပြီ” ဟု ပြောသည်။
ရွှေတူးဖော်နေသည့်နေရာ အနီးတစ်ဝိုက်တွင် စပါးစိုက်ခင်းများ ရှိနေခြင်းကြောင့် ရေမြောင်းနှင့် ဆည်မြောင်း များ ပျက်စီးလာကာ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာမည်ကို တောင်သူများက အထူးစိုးရိမ်ပူပန်နေကြ သည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “တချို့တောင်သူတွေက ရောင်းလိုက်တော့ မြောင်းတွေ၊ ဆည်တွေ ပျက်စီးသွား တယ်။ တချို့လည်း ရေမရတော့လို့ မရောင်းချင်ပေမယ့် ရောင်းလိုက်ရတာတွေ ရှိတယ်။ အဆိုးဆုံးက စပါးခင်း တွေအနားမှာ တူးနေတာက ရင်နာစရာကောင်းတယ်” ဟု ပြောသည်။
လယ်ယာမြေများ ပျက်စီးဆုံးရှုံးရမည့်အရေးကို ဒေသခံများက စိုးရိမ်နေကြပြီး ဆင်လုံဒမ်းကျေးရွာအတွင်း လုပ်ဆောင်နေသည့် ရွှေတူးဖော်မှုများကို အမြန်ဆုံး ရပ်တန့်ပေးကြရန် တောင်းဆိုလျက်ရှိကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာာဝန်ရှိသူများကို KNG သတင်းဌာနက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းနှင့် အင်တာနက်လိုင်း အခက်အခဲများကြောင့် ဆက်သွယ်၍ မရရှိသေးပေ။
ပူတာအိုဒေသတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဆဘွမ်၊ နမ့်ခမ်း၊ မကပ်မှော်နှင့် အခြားဒေသများ၌ စက်ယန္တရားကြီးများကို အသုံးပြုကာ အကြီးစားရွှေတူးဖော်မှုများ ပိုမိုကျယ်ပြန့်လာနေကြောင်း ဒေသခံများက ဆိုသည်။







