ဖမ်းဆီးခံ (ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)

ဖမ်းဆီးခံ (ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)

ပြီးခဲ့သည့် မတ်လ ၂၁ရက်နေ့က မြဝတီတောင်ဘက်ရှိ မောခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့စဉ် ခြေမြန်တပ်ရင်း(ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုသည် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဗိုလ်မှူးစန်းယုအား မောခီးစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် ၊ တပ်တွင်းစည်းလုံးမှုအခြေအနေနှင့် ရှေ့တန်းရောက် တပ်မှူးတပ်သားများ၏ အခြေအနေများအား မေးမြန်းထားသည့် အပိုင်း(၂) ကို စုစည်းတင်ပြလိုက်ပါသည်။

အပိုင်း(၂)

KIC – အခွင့်သာမယ်ဆိုရင်ကော တပ်မတော်မှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ဆန္ဒရှိလား။

အခွင့်သာမယ်ဆိုရင်တော့ ကျနော် မထမ်းဆောင်ချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အတွက် လိုအပ်တယ်ဆိုရင်တော့တစ်မျိုးပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ အဖွဲ့အစည်းတစ်ခု တစ်ရပ်အနေနဲ့ကတော့ ကျနော် မလုပ်ချင် တော့ဘူး။ နံပါတ်တစ်ပြောရရင် ကျနော်က စစ်ရှုံးတယ်။ စစ်ရှုံးပြီးသား လူတစ်ယောက်ကို မခိုင်းတာလည်း ကောင်းပါ တယ်။ ကိုယ်ကလည်း မလျှောက်လှမ်းချင်တာဖြစ်တဲ့အတွက် သာမန်ပြည်သူလူထု ရင်ခွင်ထဲမှာပဲ သာမန်အရပ်သား တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားချင်ပါတယ်။

KIC – အခု ကိုယ်နဲ့အတူတူ အဖမ်းခံလိုက်ရတဲ့ လက်အောက်ငယ်သားတွေအတွက်ကော ဘာတွေ စဉ်းစားထားတာမျိုး ရှိလဲ။

သူတို့အတွက် ၂မျိုးတော့ စဉ်းစားထားတာပေါ့။ တစ်မျိုးက ဒီဘက်မှာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခုရဖို့ ပေါ့။ နောက်တစ်ခုကတော့ အဖိုးကလည်း ပြောပါတယ်။ တတိယနိုင်ငံသွားဖို့အတွက်ကိုလည်း စဉ်းစားထားပေါ့။ သူတို့ ဘက်ကလည်း အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်ဖြစ်အောင် ကူညီပေးသွားမယ်ပေါ့။ ဒီမှာလုပ်မယ်ဆိုရင်တော့ လုံခြုံရေး နဲ့ပတ်သက်ပြီး သိပ်စိတ်မချရဘူး။ အဲ့တော့ သူတို့ကို သွားတာလာတာကအစ လုံခြုံရေး သတိထားဖို့ အကြံပေးထား တာ ရှိပါတယ်။ ဒီမှာက အမြဲတမ်းရပ်တည်ရေးအတွက်က အဆင် မပြေလောက်ဘူးလို့ စဉ်းစားမိတယ်။ အဲ့တော့ သူတို့ ကို တတိယနိုင်ငံကိစ္စကို မေးတယ်။ တော်တော်များက လူပျိုဖြစ်တော့ သွားချင်ကြတယ်။ အခုက လူငယ်ဖြစ်တာတစ် ကြောင်း၊ ကျနော့်လက် ကျနော့်ခြေနဲ့ ဘာမှမလုပ်ခဲ့ရတဲ့အတွက် ကိုယ့်ရဲ့ လွတ်လပ်မှုနဲ့ စွန့်စားကြည့်ချင်တယ်။ တချို့ တွေကတော့ သွားမယ်။ ၂ယောက်လောက်ကတော့ မသွားဘူးပေါ့။ ဒဲ့ပြောရရင် နိုင်ငံရေး ခိုလှုံခွင့်ပေါ့။

တစ်ခုလည်း စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့ နှစ် ၂၀ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်သား တစ်ယောက်အနေနဲ့ အမိန့်တွေ တော်တော်နာခံခဲ့တယ်။ လက်ရှိမှာ ဆယ်ခါကောင်းခဲ့ပေမဲ့ တစ်ခါဖြစ်သွားတဲ့အပေါ် မူတည်ပြီး အခုဆို ကျနော် သိပါတယ်။ ဒီပြဿနာရဲ့အားလုံးကို ကျနော့်ခေါင်းပေါ် ပုံချလိုက်ပြီး။ ပြီးတော့ ကျနော်က ပြည်ပြေးလည်း မဟုတ်ဘူး။ ရာဇဝတ်သားကောင်လည်း မဟုတ်ဘူး။ ယုတ်မာရိုင်းစိုင်းတဲ့သူတစ်ယောက်လည်း မဟုတ်ဘူး။ ကျနော့်ကို နားလည်လက်ခံပေးနိုင်မဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုတော့ ရှိမယ်လို့တော့ ယူဆတယ်။ အဲ့တော့ နံပါတ်တစ်အနေနဲ့ နိုင်ငံရေး ခိုလှုံခွင့်ယူမယ်။ ပြီးတော့ နိုင်ငံသားအဖြစ်လည်း ခံယူချင်တယ်။

လက်ရှိဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းပြောရရင် ဒီဘက်(တိုင်းရင်းသား)ကို သိပ်ဒေါသမထွက်ဘူး။ ဟိုဘက်(စစ်တပ်)ကို တော်တော်ဒေါသဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲကြီးတစ်ပွဲကို တိုက်တော့မဲ့အခါမှာ သူတို့မှာ အရံစီမံချက်တွေ တားထားတယ်။ ပြီးတော့ တခါ ရေပက်မဝင်တဲ့ စီမံချက်တစ်ခုပေါ့။ တစ်ယောက်နဲ့တစ် ယောက် အပြန်အလှန် အထောက်အပံ့ဖြစ်ခြင်းဆိုတာလည်း ရှိတယ်။ ကျနော်တို့မှာ အခြေအနေမှန်ကို တင်ပြတော့ လည်း လက်မခံဘူး။ အောက်ကိုပဲ လှိမ့်ပြီးတော့မှ မဟုတ်ဘူး မဟုတ်ဘူး ပြောပြောနေတော့။ ကျနော်က ဒီအဆင့်ကို ကျနော့်အသက်အရွယ်နဲ့ ကံစမ်းမဲပေါက်ပြီးတော့ ကျနော်မရောက်ဘူး။ ကျနော်လည်း အတိုင်းအတာတစ်ခုအထိ ဖြတ် သန်းခဲ့ရတယ်။ အဲ့ဒါကို ကျနော်ပြောတာကို လက်မခံခဲ့ကြဘူး။ သူတို့သာ ကျနော့်နေရာမှာဆိုရင် စိန်ခေါ်ကြည့်ချင် တယ်။ ရှင်းရှင်းပြောရရင် မကျေဘူး သူတို့ကို။ အခွင့်ကြုံရင် သူတို့နဲ့ တစ်ပွဲတစ်လမ်း။ မင်းသာဆိုရင် ငါ့နေရာမှာ လုပ် ကြည့်အုံးဆိုတာမျိုးကို ပြောချင်တယ်။



KIC – ဒါဆိုရင် အထက်လူကြီးတွေက ရှေ့တန်းရောက် တပ်မှူးတွေကို ဆက်ဆံမှုက ဘယ်လိုပုံစံရှိလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ယုံကြည်မှုပိုင်းက အင်မတန် အားနည်းတယ်။ အခြေအနေမှန်ကို တင်ပြရင်လည်း လက်မခံဘူး။ ဒီက ကောင်လေးတွေ( လက်အောက်ငယ်သား)က ကျနော့်ကို စိတ်ဆိုးတယ်။ ကျနော်ခိုင်းလိုက်လို့ ကျနော်ခွင့်ပြုလို့သွားရင်းနဲ့ ဖြစ်တဲ့ကိစ္စကို ကျနော့်အပေါ်မှာ သံသယဝင်ပြီး စိတ်ဆိုးတယ်။ မှန်ပါတယ်။ သူပြောတာကို လက်ခံတယ်။ ဒါပေမဲ့ အကြီးတစ်ယောက်အနေနဲ့တော့ စိတ်ထဲမကောင်းဘူး။ ဒါပေမဲ့ ကျနော့်အထက် တပ်မှူးတွေအ ပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကို ပြောပြမယ်။ နေလာတာ ဒီလောက်ကြာပြီး မင်းတို့ ဘယ်လိုစားလဲ။ မင်းတို့ နောက် ကပို့တဲ့ လစာတွေ၊ စစ်ဆင်ရေးစရိတ်တွေ မင်းတို့ ဘယ်လိုများ ယူနေကြလဲ တစ်ချက်မမေးဘူး။

ကျနော်တို့က မြေပြင်မှာ အဆင်ပြေအောင် တပ်မှူးအနေနဲ့ ဖြစ်အောင်လုပ်ပေးတယ်။ လပေါင်းများစွာ လွတ်ခဲ့ တယ်။ ဒီတစ်ခေါက်တော့ မလွတ်တော့ဘူး။ မလွတ်တော့ ဖြစ်သွားတယ်။ ဖြစ်သွားတော့ စောက်သုံးမကျဘူး ဖြစ်သွား တယ်။ သူတို့ကော ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်လို့ကော မြင်ရဲ့လား။ အဲ့အခြေအနေကိုကော မြင်ရဲ့လား။ လူ့ရဲ့ သဘောသဘာဝအရ ဒီရသင့်ရထိုက်တဲ့ လုပ်ခလစာကို ရှင်းရှင်းပြောရရင် နှိမ်တာ မဟုတ်ဘူး။ ဒီကောင်လေးတွေက စာပေပိုင်းဆိုင်ရာမှာ စာဖတ်အား တအားနည်းပါးတော့ အတွေးအခေါ်ပိုင်းမှာ အားနည်းကြတယ်။ သူတို့အဆင့်လိုက်။ သူတို့ကို လုပ်ခလစာ ၆လမပေးဘဲ အဲ့အတိုင်းထားကြည့်လိုက် ဘာတွေဖြစ်သွားမလဲ။ သူတို့က စားဖို့သောက်ဖို့ လုပ် လာမယ်။ လုပ်လာရင် ကျနော်တို့ခေါင်းပေါ်ရောက်လာမယ်။ ကျနော်လည်း ကျနော်တို့လက်လှမ်းမီသလောက် ကျနော့် အဆင့်လေးနဲ့ ဖြတ်ထုတ်ပြီးတော့ ရှင်းပေးတယ်။ ဒါကို သူတို့က မှန်တယ် မှားတယ်ပြောတာပေါ့။ ကားတွေကြုံနေ တယ်။ မင်းတို့အတွက် ငါးခြောက်ဆိုတာ လေထဲမှာပဲ ပျောက်ကွယ်သွားတယ်။ သူတို့တခါမှ မမေးဖူးဘူး။ ဖြစ်လာမှ ကျနော်တို့ခေါင်းပေါ် အကုန်လုံး ထိုးချတယ်။

ဒီစခန်းရဲ့စွန့်ခွာမှုက နိုင်ငံတော်ရဲ့ ပြည်သူလူထုရဲ့ဘဏ္ဍာရေး နစ်နာဆုံးရှုံးမှု ဖြစ်တယ်။ ကျနော်တို့က သေသင့် တယ်။ ကြိုးစင်တက်ရမယ်ဆိုတဲ့ အနေအထားကို သူတို့က ဆုံးဖြတ်သုံးသပ်တော့ ကျနော်လည်း ယောကျာ်းတစ် ယောက်အနေနဲ့ ထိုးထွင်းကြံဆပြီး အကောင်းဆုံး လုပ်ခဲ့တာပဲ။ စွန့်ခွာမှုဆိုပေမဲ့ အသက်မသေရေးအတွက် နောက်ဆုံး မှာ လူ့အသက်ထက် ဘာမှအရေးမကြီးဘူး။ ဒါတွေက ဘာလုပ်မှာလဲ။ ကျနော်အတတ်နိုင်ဆုံး အောက်ဘက်အဖွဲ့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့တယ်။ ဒါကို သူတို့က မြင်ချင်မှ မြင်လိမ့်မယ်။ အခုချိန်ထိလည်း သူတို့အပေါ် စေတနာ မပျက်ပါဘူး။

KIC – အခု အဲ့မှာရှိတဲ့ စခန်းတွေရဲ့ စားရေး သောက်ရေးအတွက် ဘယ်လို စီမံပေးတာလဲ။

ရှင်းရှင်းပြောရရင် မောခီးက စမှာပေါ့။ မောခီး၊ ကနယ်လေး၊ ဘုရင့်နောင် အဲ့ဒါတွေ ရှိမှာပေါ့။ ကျနော်တို့ မောခီးကမှ Joint မလုပ်ပေးရင် ဟိုဘက်က အဖွဲ့ စားစရာမရှိဘူး။ အဲ့ဒါကြောင့် ဒီကနေ သူတို့ လိုချင်တဲ့ ပစ္စည်းတွေ ကို တစ်ခါဝယ်ရင် လေးငါး ဆယ်သိန်းဖိုး ဝယ်ပေးလိုက်တယ်။ ဝေါလေက မြို့ပေါ်ဖြစ်တဲ့အတွက် စျေးဆိုင်တွေရှိတယ်။ သူတို့က ဝယ်စားလို့ ရတယ်။ အဓိက ငတ်တာကတော့ မောခီး၊ ကနယ်လေး၊ ဘုရင့်နောင်ပေါ့။

တချို့ ဒီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်ရင်းမှူးတချို့ရှိပါတယ်။ ဒီ ငတ်ပြတ်တဲ့ အခြေအနေကို သူတို့ လည်း သိပါတယ်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက ဒီလောက် နိုင်ငံရေး အခြေအနေက မရှုပ်ထွေးသေးတော့ အဲ့လောက် မဆိုးဘူး။ ကျနော်တို့က ဒီမှာ နှစ်ပေါက်နေပြီး တာဝန်ထမ်းဆောင်တာ။ သူတို့ တစ်ခါမှ မမေးခဲ့ပါဘူး။ အဲ့အခြေအနေ တွေကို။ အဲ့ဒါနဲ့ အမြဲတမ်း အဆင်ပြေအောင် စွန့်စားရတာပေါ့။ ဒီငါးပိထုတ်လေး တစ်ထုတ်၊ လစာလေး နည်းနည်းကို ရဖို့ ဘယ်လောက်စွန့်စားရလဲဆိုတာ အောက်ကလူတွေက မသိလောက်ပေမဲ့ ကျနော်နဲ့ တွဲလုပ်တဲ့ အရာရှိငယ်လေး တွေတော့ ကောင်းကောင်းသိပါတယ်။

KIC – အခု ခုခံတော်လှန်စစ်မှာ ပါဝင်နေတဲ့ PDF တွေက တချို့ဆို ပညာတတ်တွေ ပညာရှင်တွေ ပါဝင်ကြတယ်။ အဲ့ဒီ ကလေးတွေရဲ့ ခုခံတော်လှန်စစ်အပေါ်မှာကော တပ်မှူးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ကျနော်လက်ရှိ ကြုံခဲ့ရသလောက်ပေါ့ သူတို့က တော်ပါတယ်။ ဘာလို့တော်လဲဆိုရင် တိုက်ရည်ခိုက်ရည်က မြေပြင်မှာ ဘယ်လောက်မှ မဟုတ်ပေမဲ့ သူတို့က ပညာတတ်တွေဖြစ်တယ်။ တော်တော်များများက ပညာတတ်တော့ ခေတ်မီဒရုန်းလိုဟာမျိုးကို အသုံးချတယ်။ ကျနော်တို့ဆီမှာကတော့ ရှိတယ်။ ဒါပေမဲ့ အသုံးမချနိုင်ဘူး။ ကျနော်တို့မှာ ဘာကန့်သတ်ချက်တွေ ရှိလဲဆိုတော့ သူတို့ဟာက အများပိုင်ဖြစ်တယ်။ စျေးကလည်းကြီးတယ်။ မစမ်းရဲဘူး။ စမ်းလိုက်လို့ပျက်သွားရင် ငါလည်း မလျော်နိုင်ဘူး။ အထုလည်းခံရမယ်ဆိုတော့ အဲ့ပစ္စည်းကြီးကို မသုံးဘူး။ ဒါပေမဲ့ သူတို့ကတော့ ခေတ်ပညာတတ်လည်းဖြစ်တယ်။ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရပ်အပေါ်မှာ ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ စိတ်ကူးထားသလို အသုံးချပိုင်ခွင့်လည်းရှိတဲ့အတွက် အဲ့ပစ္စည်းတွေကို တခါတည်း အသုံးပြုနိုင်တယ်။ ကျနော်ကတော့ ချက်ချင်းသိတယ်။ ဒရုန်းမှာ ဗုံးတွေ ချိတ်ထားသလား။ သူတို့က ပညာတတ်ဖြစ်တော့ သူတို့ရဲ့လှည့်စားမှုတွေက အရမ်း ကောင်းပါတယ်။ စစ်တိုက်တယ်ဆိုတာကလည်း ဉာဏ်ကစားတာကိုး။ ကျနော်လည်း တတ်သလောက် သိသလောက်နဲ့ ဖယ်ရှားပစ်တယ်။ တတ်နိုင်သလောက်။ သူတို့ ဗုံးမချိတ်ထားဘူး။ သူတို့ ငါ့ကို ဓါတ်ပုံရိုက်သွားပြီး တတ်နိုင်သလောက် ပုံဖျက်ရမယ်။ ပြီးသွားရင် ဘယ်နေရာမှာ ပြန်ဝင်ရမလဲဆိုတာ လုပ်ထားတယ်။

ဒါပေမဲ့ ပြောရမှာတောင် ရှက်ဖို့တောင်ကောင်းတယ်။ လူညီမှုပေါ့ Team Workပေါ့။ ကျနော်တို့ဘက်က လုပ် နေကြတဲ့ Team work ပိုင်းမှာ ဦးနှောက်အသုံးချမှု အားနည်းတော့ ဘောလုံးစကားနဲ့ ပြောရရင် ခံစစ်၊ တိုက်စစ်ပိုင်းကို မပိုင်နိုင်ဘူး။ ဟိုဘက်က ခံစစ်ဆိုရင် ခံစစ်၊ တိုက်စစ်ပိုင်းဆို တိုက်စစ် ပိုင်နိုင်တယ်။ ပြီးတော့ ဆက်သွယ်မှုစနစ်က သူတို့က လေ့ကျင့်ပေးထားတဲ့အတိုင်း လိုက်နာတယ်။ ကျနော်ကြတော့ လက်တံနှစ်ဖက် ပြုတ်သွားတယ်။ အမှန်က ကျနော်က ကွန်မန်ဒါပေါ့။ အထိုင်အနေနဲ့ ကစားရမှာ။ ကျနော်က မြေပြင်ရော၊ အထိုင်ရော လိုက်တဲ့အချိန်မှာ ကျနော့် အောက်က လူကို ဆက်သွယ်ရေးစက်ပေးလိုက်တယ်။ ကျနော်က ဖွင့်ပေးထားတယ်။ သူတို့က နှိပ်လိုက်တယ်။ ပိတ် သွားတယ်။ အဲ့မှာ ကျနော်က ပြောလို့ အဆင်မပြေတော့ဘူး။ အဲ့တော့ ကိုယ့်ဆီက အကောင်က Team work အပေါ် မူတည်ပြီးတော့ နားကိုမလည်တာ။ ဒီပစ္စည်းတွေကို အသုံးမချနိုင်ဘူး။ ဟိုဘက်က စာတတ်တော့ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ဟာကို ဖတ်လိုက်တာနဲ့ တန်းသဘောပေါက်တော့ အသုံးချနိုင်တယ်။ ကိုယ့်ဆီမှာကျတော့ ဒါလေးနှိပ်ပြီး ဒီလိုပြောတာကို ဘာနှိပ်လိုက်လဲ မသိဘူး။ နံပါတ်ပြောင်းပြီး စကားပြောမရတော့ဘူး။ အဲ့တော့ နည်းပညာအရပဲဖြစ် ဖြစ်၊ လူညီမှုအရပဲဖြစ်ဖြစ် ကျနော်ပွဲမှာ ကစားတဲ့အချိန်မှာ ကျနော် ရှုံးသွားတာပေါ့။

 

KIC – အခု အာဏာသိမ်းမှုနောက်ပိုင်းထွက်ပေါ်လာတဲ့ NUG အစိုးရတို့ CRPH တို့လို့မျိုးအဖွဲ့တွေကို ဘယ်လိုမြင်လဲ။

ကျနော်ကတော့ အများကြီးမသိပါဘူး။ ကျနော်သိတာက ဒေါက်တာ ဇော်ဝေစိုးလား။ ကာကွယ်ရေးဝန်ကြီးက ဦးရည်မွန်လား ကျနော်အဲ့လောက်ပဲ သိတယ်။ သူတို့ Video Conferencing လုပ်နေတာကိုတော့ ကျနော် တော်တော် များများ ကြည့်ဖြစ်တယ်။ ကျနော် DVB က ကြည့်တယ်။ Mizzima က ကြည့်တယ်။ သူများတွေက အဲ့အချိန်မှာ မကြည့် နဲ့လို့ ပြောထားပေမဲ့ ကျနော်ကတော့ ကြည့်တယ်။ ကြုံရင်ကြုံသလို ကြည့်ဖြစ်တယ်။ သူတို့ပြောတာ ဆိုတာလေးတွေ ကို နားထောင်ဖြစ်တာပေါ့။ သူတို့အပေါ်မှာ ဘယ်လို သဘောထားလဲဆိုတော့ စော်ကားတာတော့ မဟုတ်ပါဘူး။ သူတို့ ကို လေလိုင်းပေါ်က အစိုးရလို့လည်း ပြောထားကြတာကိုး။ သူတို့ရဲ့ နောက်ကွယ်ကနေ တိုက်ပွဲအတွက် ပံ့ပိုးပေးမှု ကူညီပေးမှုပေါ့။ အဓိက တိုက်ပွဲတစ်ပွဲမှာ Admin ပဲ။ ကျနော်တို့ငယ်ငယ်က ပြောသလို Admin ပိုင်မှ စစ်နိုင်မယ်ဆိုတာ မျိုးပေါ့။ သူတို့က Admin ပိုင်းကိုတော့ ဖြည့်ဆည်းပေးပေမဲ့ အားနည်းချက်လေးတွေတော့ရှိတာပေါ။ ဒါပေမဲ့ သူတို့ လည်း အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတယ်လို့ မြင်တယ်။

နောက်တစ်ခုက နိုင်ငံရေး ယန္တရား လည်ပတ်မှုနဲ့ ဒီဘက်ကနေ သွားနေတဲ့အပိုင်းမှာလည်း ဘယ်သူ့ဘက်မှ ပါပြီး ပြောတာတော့ မဟုတ်ဘူး။ လွတ်လပ်ရေး ရအောင် တိုက်ပွဲဝင်တုန်းကတော့ အတူတူပဲ။ လွတ်လပ်ရေးရမှ ခွဲခြားခွဲခြားတွေ ဖြစ်ကုန်တာကတော့ များတယ်လေ။ များတော့ ဒီဟာတစ်ခုတည်းကိုပဲ မရည်ညွန်းဘဲနဲ့ အပြဲပြဲ အကွဲ ကွဲ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားနိုင်ရင်တော့ သူတို့အနေနဲ့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်မိ တာပေါ့။

KIC – နောက်ဆုံးအနေနဲ့ အလွှာစုံရှိနေတဲ့ ပြည်သူတိုင်းကို ဘယ်လိုသတင်းစကား ပါးချင်တာမျိုးရှိလဲ။

အလွှာပေါင်းစုံမှာရှိတဲ့ ပြည်သူလူထုကိုတော့ ကိုယ်ယုံကြည်ရာ လုပ်နေတဲ့အတွက် သူတို့ မှားယွင်းတယ်လို့ တော့ ကျနော်မပြောရဲပါဘူး။ ပြောခွင့်လည်း မရှိဘူး။ ဒါပေမဲ့ ကိုယ်ယုံကြည်တဲ့ အနေအထားမှာ အစွန်းမရောက်ကြဖို့နဲ့ ဘာပဲဖြစ်ဖြစ် စစ်သားအချင်းချင်း ရန်သူတောင်မှ ဒူးထောက် အရှုံးပေးရင် ရေလို လလို ဆက်ဆံပေးရတာပဲ။ အဲ့တော့ ကိုယ့်တိုင်းရင်းသားအချင်းချင်း နိုင်ငံရေးကွဲလွဲမှုနဲ့ ဒီလိုဖြစ်နေမယ်၊ ဆုတ်ယုတ်နေမဲ့အစား အများကို ကြည့်ပြီးတော့ပဲ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို စေ့စပ်ညှိနှိုင်းမှုတွေနဲ့ တိုးတက်အောင်လို့ အလွှာပေါင်းစုံအနေနဲ့ လုပ်သင့်တယ်လို့တော့ ကျနော်ကတော့ မြင်မိပါတယ်။

KIC – ဖြည့်စွက်မေးချင်တာက အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စေ့စပ်ညှိနှိုင်းရေးထက် သူ့ကို ခုခံတော်လှန်နေ တဲ့သူအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ တရားဝင် ပြောဆိုထားတဲ့အပေါ်မှာကော မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ ယူဆ သလား။

အဲ့ဒါက မှန်ကန်တဲ့နည်းလမ်းလို့တော့ ကျနော်မမြင်ဘူး။ ဘာဖြစ်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အတ္တတစ်ခုရှိလို့ ချိတ်ချိတ်ချင်းမို့ ချိတ်တာလေး။ ကျနော်က ဖြောင့်ထားတယ်။ တစ်ဖက်က ချိတ်ပေမဲ့ ချိတ်လို့မရဘူး။ နှစ်ဖက်စလုံးက ချိတ်လို့ ချိတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် စစ်မက်ရေးကို လိုလားပြီးတော့မှ စစ်အင်အား ပြိုင်ဆိုင်မှုတစ်ခု အနေနဲ့လုပ်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့ မကောင်းဘူးလို့တော့ မြင်မိပါတယ်။

———————————————————————

ဗိုလ်မှူးစန်းယု၏ ကိုယ်ရေးအကျဉ်းချူပ်

အမှတ်(၅၅၅) ခြေမြန်တပ်ရင်းစစ်ကြောင်း ၂တွင် စစ်ကြောင်းမှူးတာဝန်ထမ်းဆောင်သော ပြန်တမ်းဝင်အမှတ်-ကြည်း ၄၁၇၃၇ ဗိုလ်မှူးစန်းယုဖြစ်ပါသည်။ ကျွန်တော်သည် ၂၀၀၀-၂၀၀၁ခုနှစ်တွင် ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင် မြင်ခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇)ကို တက်ရောက်ခဲ့သည်။ ၂၀၀၄ခုနှစ်တွင် သင်တန်းဆင်း ကာ ဒုတိယဗိုလ်အဖြစ် အမှတ်(၃၆၈) ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ရရှိခဲ့ပြီး အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် ပစ်ကူပေး တပ်စုမှူးတာဝန်ထမ်းဆောင်ခဲ့ သည်။ ၁.၇.၂၀၁၆ တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် အမှတ် (၅၅၅) ခြေမြန်တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁.၇.၂၀၁၇ တွင် ဗိုလ်မှူးအဆင့်ဖြင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ခုနှစ်မှစ၍ အမှတ် (၅၅၅) ခြေမြန်တပ်ရင်းဖြင့် ဝေါလေဒေသစစ်ဆင်ရေးတာဝန်ကို ဘုရင့်နောင်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မော်ခီးစခန်းတွင် လှုပ်ရှားစစ်ကြောင်းမှူးတာဝန်ကို ၂၀၂၂ခု နှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် စတင် တာဝန်ထမ်း ဆောင်ခဲ့သည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...