ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက်ကျော် လွန် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန် ချက်အရ ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့၏ စိုးရိမ်ရေမှတ် အထက် ၃ ပေ ၉ လက်မခန့် ကျော်လွန် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့် ပြန်လည်ကျဆင်း နိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် ရှိနေမည်ဖြစ်သည်။
ယခင် မြင့်တက်ခဲ့သည့် ရေမှတ်ထက် ကျော်လွန်လာသည့် သံလွင်မြစ်ရေကြောင့် ဖားအံမြို့ရှိ မြေနိမ့်ပိုင်း နေရာများမှ လူနေအိမ်အချို့ ရေနစ်မြှုပ်နေကြောင်း မြို့ခံများက ပြောသည်။
မြို့ခံ အမျိုးသားတစ်ဦးက “ဒီမနက်တော့ ရေက ထပ်မတက်ဘဲ ငြိမ်နေတယ်။ ဒါပေမယ့် ပထမတစ်ခေါက် တက်တဲ့ရေထက် ကျော်သွား ပြီ။ ရေပေါ်ဈေးဆို ရေက ခြေမျက်စိလောက် ဝင်နေပြီ။ ဈေးတွေလည်း ရွှေ့ ပြောင်းရတယ်။ အချို့ဆိုင်တွေ လည်း ပိတ်ကုန်ပြီ။ အနိမ့်ပိုင်းအိမ်တွေ မြုပ်နေပြီး မမြုပ်သေးတဲ့နေရာတွေ ရေထပ်တက်လာရင်တော့ ရွှေ့ရမှာ ပေါ့” ဟု ပြောသည်။
လက်ရှိတွင် မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖားအံမြို့ရှိ ရေဘေး သင့် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် မိုးလုံလေလုံ အားကစားရုံများသို့ ယာယီနေရာချထားပေးလျက် ရှိသလို ရေမမြုပ်သေးသည့် နေရာများသို့ လှေများဖြင့် သွားရောက်ကာ စားနပ်ရိက္ခာများ လိုက်လံ ဖြန့်ဝေပေး နေသည်။
အလားတူ ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၉ လက်မခန့် မြင့်တက်နေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံ မြင့်တက်နိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
ပဲခူးမြို့၌ မိုးရွာသွန်းမှုနှင့် မြစ်ရေတက်မှုကြောင့် စက်တင်ဘာလ ၁ ရက် ညပိုင်းမှစ၍ မြေအနိမ့်ပိုင်း ရပ်ကွက်များ တွင် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂ ရက် နံနက်ပိုင်း၌ ရန်ကုန်-ပဲခူး လမ်းမပေါ်အထိ ရေတက် လာခဲ့သည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေ ၁ လက်မခန့်နှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် အသီးသီး ကျော်လွန်နေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







