ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း ရိုက်ကူးမှု နောက်ကွယ်မှ ဓာတ်ပုံများကို အသုံးပြု၍ KNU နှင့် PDF များက အလှူခံရန် တိုက်ပွဲပြင်းထန်သယောင် ဇာတ်လမ်းဖန်တီး လိမ်လည်နေသည်ဟု စစ်လော်ဘီများက သတင်းမှား ဖြန့်ဝေနေကြသည်။
အဆိုပါ ဝါဒဖြန့်ဝေမှုကို စစ်အုပ်စုတပ် အမာခံထောက်ခံသူ မှိုင်းဝေ၊ တော်လှန်ရေးတပ်ဖွဲ့များကို လုပ်ကြံသတင်း များဖြင့် ဆက်တိုက် ဝေဖန်တိုက်ခိုက်နေသည့် ကျော်ဆွေ နှင့် Hein Sithu အမည်ရှိ လူမှုကွန်ရက် သုံးစွဲသူများက ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များတွင် ဩဂုတ်လ ၃၀ ရက်နေ့က တင်ထားခြင်းဖြစ်သည်။
ယနေ့အထိ မှိုင်းဝေ၏ သတင်းကို ကြည့်ရှုသူ ၂ သောင်းကျော်ရှိသလို ကျော်ဆွေနှင့် Hein Sithu တို့က ကူးယူ ဖော်ပြထားသည့် ရိုက်ကွင်းနောက်ကွယ်မှ ရုပ်သံကိုလည်း သဘောကျသူ (Like) ထောင်ချီရှိနေပြီး မှတ်ချက်ပေး သူနှင့် ပြန်လည်မျှဝေသူ ၁ ရာထက်မနည်း ရှိနေသည်။
မှိုင်းဝေ - https://archive.ph/iLf1l
ကျော်ဆွေ လင့်ခ် (၁)- https://archive.ph/M0MTj
လင့်ခ် (၂)- https://archive.ph/CO1mG
Hein Sithu - https://archive.ph/o5Q8U
Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီက စစ်အုပ်စုတပ် လော်ဘီများ ဖြန့်ဝေနေသည့် အဆိုပါ သတင်းမှားကို အချက်အလက်စိစစ် ဖော်ပြထားသည်။
အချက်အလက် စိစစ်ချက်
ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာ စစ်ယူနီဖောင်းဝတ်ဖြင့် ပါဝင်ထားသည့် အမျိုးသားမှာ စကောကရင်အဆိုတော် KaPaw Joy ဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့ပြင် ၎င်းကလည်း “Happy Poe ရေးပေးထားတဲ့သီချင်းကို MTV လာရိုက်တာပါ၊ သီချင်းခေါင်းစဥ် ထွံၣ်ဝါဃံ (ထွီဝါးခီး) ပါ” ဟု လည်းကောင်း၊ Video ရိုက်ကူးသူက “စောဘဦးကြီးကျဆုံးသွားတဲ့နေရာမှာပါ အနောက်မှာ တော့ ဒေါနတောင်တွေဖြစ်ပါတယ်” ဟု လည်းကောင်း ကရင်ဘာသာဖြင့် ပြောဆိုထားသည်။
ထို့နောက် Google တွင် သီချင်းခေါင်းစဉ် "ထွံၣ်ဝါဃံ" ဟူသော စကားလုံးဖြင့် ရှာဖွေကြည့်ရာ K'Paw Joy Official Channel က ယူကျူတွင် တင်ထားသည့် မူရင်းသီချင်းကို တွေ့ရှိရသည်။
Youtube လင့်ခ် - https://shorturl.at/aRasH
Kapaw Joy သည် စကောကရင်ဘာသာဖြင့် သီချင်းများကို ကိုယ်တိုင်သရုပ်ဆောင် သီဆို၍ ၎င်း၏ ကိုယ်ပိုင် ယူကျူချန်နယ်တွင် တင်ဆက်နေသူဖြစ်ပြီး ကရင်ဂီတအသိုင်းအဝိုင်းတွင်လည်း လူသိများသူဖြစ်သည်။
ထို့ပြင် ကရင်ဘာသာစကားဖြင့် သီဆိုထားသည့် "ထွံၣ်ဝါဃံ" သီချင်းတစ်ခုလုံး၏ အဓိပ္ပါယ်မှာ အမျိုးသားရေး စိတ်ဓာတ်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ကြရန် ဖော်ညွှန်းထားခြင်းဖြစ်ကြောင်း Gemini AI အကူအညီဖြင့် ရုပ်သံစာသားပါ ကရင်စာကို ဘာသာပြန်ဆိုကြည့်ရာမှ နားလည်ရသည်။
ထို့နောက် KaPaw Joy ၏ ကိုယ်ပိုင်ဖေ့ဘုတ်အကောင့်ကို ဆက်လက်ရှာဖွေရာ "ထွံၣ်ဝါဃံ" သီချင်းအား ရိုက်ကူး ပေးသည့် Saw Gyoe Phyu အကောင့်ကို တွေ့ရပြီး ၎င်းတင်ထားသည့် စစ်လော်ဘီများ ပုံမှားရိုက် ထပ်ဆင့် ဝါဒဖြန့်နေသော ရုပ်သံ၏ မူရင်းဖိုင်ကို တွေ့ရှိရသည်။
မူရင်းလင့်ခ် - https://shorturl.at/oiYkb
သုံးသပ်ချက်
ဖော်ပြပါ အချက်အလက်များဖြင့် စိစစ်ကြည့်ရာတွင် ဝါဒဖြန့်ချန်နယ်များက ရေးသားဖြန့်ချိနေသကဲ့သို့ KNU/PDF က တိုက်ပွဲပုံစံ ဇာတ်လမ်းရိုက်၍ အလှူခံရန် ဖန်တီးနေခြင်း မဟုတ်ကြောင်း သက်သေပြနိုင်သည်။
ထို့ကြောင့် စစ်လော်ဘီများက ကရင်ဘာသာစကား နားမလည်သည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို လှည့်စား ရန် ကရင်အဆိုတော်အဖွဲ့၏ သာမန် MTV ရိုက်ကွင်းနောက်ကွယ်မှ လှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက် ကူးယူဖော်ပြနေကြခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားဖြစ်ကြောင်း သံသယရှိပါကလည်းကောင်း၊ မှန်ကန်သည့် သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုပါကလည်းကောင်း အချက်အလက် စိစစ်ပေးသည့် သတင်း ဌာနနှင့် အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန် တောင်းခံ နိုင်သကဲ့သို့ MFCN ၏ တရားဝင် ဝဘ်ဆိုက်နှင့် ဖေ့ဘုတ်စာမျက်နှာများမှတစ်ဆင့်လည်း အချက်အလက် စစ်ဆေးပေးရန် တောင်းဆိုနိုင်သည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
KIC/ The Red Flag/ MFCN







