ကရင်ပြည်၊ ဖားအံမြို့နယ်အတွင်း ပြည်နယ်စစ်အုပ်စု၏ အခြေခံပညာရေးအောက်တွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့၌ ပိတ်ရက်မရှိ အချိန်ပိုခေါ်၍ စာသင်ပေးပြီး အချိန်ပိုကြေး ကျပ်သောင်းဂဏန်း ကောက်ခံ နေသဖြင့် ကျောင်းသားမိဘ အုပ်ထိန်းသူအချို့ စရိတ်စက အခက်တွေ့နေကြသည်။
စာသင်နောက်ကျမှုကြောင့်ဟု ဆိုကာ ကျောင်းဆရာ၊ ဆရာမများက အချိန်ပိုခေါ်၍ စာသင်ပေးရာတွင် အလယ် တန်းအဆင့် ကျောင်းနေအရွယ် ကလေးတစ်ဦးလျှင် တစ်လလျှင် ၁၅,၀၀၀ ကျပ်၊ အထက်တန်းအဆင့်တွင် ကျပ် ၂၀,၀၀၀ မှ ၈၀,၀၀၀ အထိ ကောက်ခံနေခြင်းဖြစ်သည်။
ထို့ကြောင့် ကလေးတစ်ဦးထက်ပိုရှိသော ကျောင်းသားမိဘများအတွက် ငွေကြေးအခက်အခဲရှိနေသည်ဟု အုပ်ထိန်းသူများက ပြောသည်။
ကျောင်းသားနှစ်ဦး၏ ဖခင်ဖြစ်သူက “ကျောင်းက ၃ နာရီခွဲ လွှတ်တာကို အချိန်ပိုဆိုပြီး ၅ နာရီအထိ ဆက်တက် ရတယ်။ အခုဆို ပိတ်ရက်နဲ့ ဥပုသ်နေ့တွေမှာပါ ဂီတအတန်း ဘင်ခရာသင်ဖို့ ဆိုပြီး မနားရဘဲ ခေါ်နေတယ်။ ကလေးတွေလည်း တစ်နေကုန် ကျောင်းမှာနေရတော့ မအီမသာဖြစ်တယ်။ ကျောင်းစရိတ်အပြင် အချိန်ပို ကြေးပါ ပေးနေရတော့ အဆင်မပြေဘူး” ဟု ပြောသည်။
အချိန်ပို စာသင်ကြားခြင်းကို ယခင်က အထက်တန်းအဆင့်ကိုသာ ခေါ်ယူသင်ကြားလေ့ရှိသော်လည်း နောက်ပိုင်း တွင် ခြောက်တန်းအပါအဝင် အလယ်တန်းအဆင့်အထိ ခေါ်ယူသင်ကြားမှု ရှိလာခြင်းဖြစ်သည်။
ထို့ပြင် အချိန်ပို ပျက်ကွက်သည့် ကျောင်းသားများကိုလည်း ဒဏ်ကြေးတောင်းခံခြင်းနှင့် ဆူပူပြောဆိုခြင်းများ ရှိနေကြောင်း ကျောင်းသားများထံမှ သိရသည်။
လက်ရှိတွင် ပြည်နယ်စစ်အုပ်စုက မူလတန်းပြ ကျောင်းဆရာ/မတစ်ဦးလျှင် ကျပ် ၁၈၀,၀၀၀၊ အလယ်တန်းပြကို ကျပ် ၁၉၅,၀၀၀ နှင့် အထက်တန်းပြအတွက် ကျပ် ၂၁၁,၀၀၀ ဖြင့် ၁၆,၀၀၀ စီ အဆင့်လိုက် ကွာခြားကာ ထောက် ပံ့ကြေး ကျပ် ၃၀,၀၀၀ နှင့်အတူ လခပေးထားခြင်းရှိသည်။
သို့ရာတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲကြောင့် လစာဖြင့် မလုံလောက်သဖြင့် ယခုကဲ့သို့ အချိန်ပိုခေါ်ယူ သင်ကြားနေရခြင်းဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် အလယ်တန်းပြ ဆရာမ တစ်ဦးက ပြောပြသည်။
၎င်းက "ကျောင်းအုပ်ကြီးက အောင်ချက်မြင့်မားရေးဆိုပြီး စိစစ်ခိုင်းတာ။ ကိုယ်တွေမှာလည်း ကုန်ဈေးနှုန်း တွေတက်တော့ အဆင်မပြေဘူး။ ကျောင်းအုပ်ကြီး ခိုင်းတော့လည်း အချိန်ပို မသင်ပေးရင် ကလေးအပေါ် စေတနာမရှိဘူးလို့ ပြောခံရသေးတယ်။ ကိုယ့်အိမ်မှာ မိသားစု နေမကောင်းဖြစ်တာတောင် အချိန်ပို မပျက် အောင် အချင်းချင်း အကူအညီတောင်းပြီး ဝင်ပေးနေရတယ်" ဟု ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးအသိုင်းအဝိုင်းကမူ အစိုးရစာသင်ကျောင်း ဆရာ/မများအနေဖြင့် တရားဝင် အပြင်ကျူရှင် သင်ကြားခွင့်မရှိသည့် အခြေအနေတွင် အချိန်ပိုဟု အမည် တပ်ကာ မိဘများထံမှ ငွေကြေးကောက်ခံသည့် ပုံစံတစ်ခုဖြစ်ကြောင်း သုံးသပ်ကြသည်။
CDM ကျောင်းအုပ်ဆရာတစ်ဦးက “တချို့ကျောင်းတွေမှာ အချိန်ပိုဆိုပြီး ကလေးတွေကို ခေါ်ထားပေမယ့် ထိထိရောက်ရောက် စာသင်ပေးတာမရှိဘဲ အချိန်ဖြုန်းတဲ့ အခြေအနေတွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း ဆရာ၊ ဆရာမတွေကို အချိန်ပိုသင်ကြားဖို့ ဖိအားပေးပြီး တစ်ဖက်မှာ မိဘတွေဆီကနေ အချိန်ပိုကြေး ကောက် ခံနေတဲ့ ပုံစံဖြစ်လာတယ်” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ ၂၀၂၆ ခုနှစ် ပညာရေးဆိုင်ရာ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် စစ်ရေးအခြေအနေ၊ ဆင်းရဲနွမ်းပါးမှု၊ နေရပ် စွန့်ခွာရမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများကြောင့် အခြေခံပညာအရွယ် ကလေး ၆ သန်းကျော်မှာ ကျောင်းပြင်ပသို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။
ကျောင်းတက်ရောက်နေသည့် ကလေးများမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ပညာရေးကုန်ကျစရိတ်များ ကြောင့် အခက်အခဲရှိနေသလို နိုင်ငံအတွင်း ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်း ရိုက်ခတ်မှုများကြောင့် ကလေးငယ်များ၏ ပညာသင်ကြားရေးအပေါ် ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
ဓာတ်ပုံ - (KIC / ပုံဟောင်း)







