စစ်တွေတွင် ဗဟိုမဏ္ဍပ် စတင်တည်ဆောက်

စစ်တွေတွင် ဗဟိုမဏ္ဍပ် စတင်တည်ဆောက်

ယခုနှစ် စစ်တွေသင်္ကြန်အတွက် ဗဟိုမဏ္ဍပ်ကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင် ယခုရက်ပိုင်းမှစတင်ကာ တည်ဆောက်နေပြီဟု သိရသည်။

စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စစ်တွေသင်္ကြန်ကို ဗဟိုမဏ္ဍပ်ဖြင့် ဖွင့်လှစ်မကျင်းပနိုင်ခဲ့သည်မှာ ၂ဝ၁၉ ခုနှစ်မှ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အထိဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ကျင်းပမည်ဟု သိရသည်။

ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ထုံးစံအတိုင်း ဗဟိုမဏ္ဍပ်က ဦးဥတ္တမပန်းခြံရှေ့မှာဖြစ်ပါမယ်။ မိဇံရပ်ကွက်မှာ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တစ်ခုဖြစ်စေဖို့ ပြည်နယ်အစိုးရက အားပေးကူညီသွားပါမယ်။ ယိမ်းအကတွေတော့ တင်ဆက်ဖို့ အစီစဉ်ရှိပါတယ်” ဟု မတ်လ ၂၅ ရက်နေ့က ရေးသားထားသည်။

ယင်းအပြင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကိုလည်း ဦးဥတ္တမခန်းမတွင် စဉ်လာမပျက်ကျင်းပသွားမည်ဟု သိရသည်။

တိုက်ပွဲများ ရပ်စဲပြီး ကိုဗစ်ဖြစ်ပွားနှုန်းလည်း လျော့ကျလာပြီဖြစ်၍ စစ်တွေအပါအဝင် ရခိုင်ရှိ သံတွဲနှင့် အခြားမြို့အချို့တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပရန်စီစဉ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့ခံ ဦးထွန်းသန့်ကျော်က “အားလုံးကလည်း စိတ်ဓာတ်ရေးရာပိုင်းရော၊ ရောဂါပိုင်းရောက ယိုယွင်းနေကြတာ ၃ နှစ်လောက်ရှိပြီလေ။ အခုမှပဲ လွတ်လွတ်လပ်လပ်ပျော်ကြရမှာ။ ငပလီမှာဆိုရင် ဟိုတည်တွေ အပြည့်ပဲ"ဟု ပြောသည်။

ကိုဗစ် ၁၉ စည်းမျဉ်း စည်းကမ်းအားလုံး မလွတ်မြောက်သေးသောကြောင့် သင်္ကြန်ကာလအတွင်း သတ်မှတ်စည်းကမ်းများကိုလိုက်နာရန်လိုအပ်သည်ဟုလည်း ကိုဗစ်ကာကွယ်ရေးလှုပ်ရှားသူများက ပြောသည်။

ရန်ကုန်ရှိ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် ယခုနှစ်တွင် ကျင်းပရန်မရှိသော်လည်း နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကိုမူ အကျဉ်းရုံးကျင်းပသွားမည်ဟု သိရသည်။

ဓာတ်ပုံ - စစ်တွေတင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရန် သံဖရိန်ဆင်ထားသည်ကို မတ်လ ၂၈ ရက် နေ့လယ်က တွေ့ရစဉ်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...