စာရင်းဇယားများ လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို အရေးယူမည်ဟုဆိုခြင်းမှာ ဥပဒေနှင့်ဖီလာဆန့်ကျင်နေဟုဆို

စာရင်းဇယားများ လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို အရေးယူမည်ဟုဆိုခြင်းမှာ ဥပဒေနှင့်ဖီလာဆန့်ကျင်နေဟုဆို

စာရင်းဇယားများ လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို အရေးယူမည်ဟုပြောဆိုခြင်းမှာ ဥပဒေနှင့်ဖီလာဆန့်ကျင်နေသည်ဟု သွားရောက်အစစ်ဆေးမခံသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပြောခွင့်ရသူ ဦးမြတ်ထွန်းက နိရ ဉ္စရာကိုပြောသည်။

“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ နိုင်ငံရေးပါတီတွေကို သူတို့ကိုယ်တိုင် လာပြီးတော့ စစ်ဆေးရမယ်ဆိုပြီးတော့ ဥပဒေ၊ နည်းဥပဒေမှာ ပါတယ်။ အဲလိုပါတော့ သူတို့က အဲလိုမဟုတ်ဘဲ လာပြီး စစ်ဆိုတာက ဥပဒေကို ဖီလာဆန့်ကျင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု ပြောသည်။

စာရင်းဇယားများ လာရောက်စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီအရေးယူမည်ဟု ယနေ့ မတ်လ ၂၄ ရက်တွင်ပြုလုပ်သည့် နစကကောင်စီ၏ (၁၂)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် နစကလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုသွားခဲ့မှုနှင့်ပတ်သက်ပြီး ဦးမြတ်ထွန်းက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံအတွင်းရှိ ရွေးကောက်ခံပါတီ ၉၂ ပါတီ၏ စာရင်းဇယားများအား လာရောက်စစ်ဆေးခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီများသို့ အသိပေးအကြောင်းကြားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၂၂ ခုနှစ်၊ မတ်လအထိ ပါတီပေါင်း ၈၃ ပါတီစစ်ဆေးခဲ့ပြီးပြီဟု သိရသည်။

လာရောက်စစ်ဆေးမခံသည့်ပါတီ ၉ ခုရှိပြီး ပူးပေါင်းဆောင်ရွက်မှုမရှိသည့်ပါတီများကို ဥပဒေအရ အရေးယူမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

"စစ်ဆေးဖို့ကျန်တဲ့ပါတီတွေက ဆက်စစ်ဆေးမှာဖြစ်ပြီး တချို့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ပါတီတွေကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ နည်းဥပဒေတွေအရ လိုအပ်သလို အရေးယူဆောင်ရွက်ပါမယ်" ဟု ပြောသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေဖြင့်အရေးယူမည်ဆိုလျှင် အရေးယူမည့်ပါတီကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းနိုင်သလို ပါတီကို ဖျက်သိမ်းနိုင်သည်အထိ အရေးယူ၍ ရသည်ဟုလည်း သိရသည်။

သွားရောက်အစစ်ဆေးမခံသည့်ပါတီများတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)လည်းပါဝင်ပြီး လာရောက်အစစ်ဆေးမခံ၍ အရေးယူမည်ဆိုလျှင်လည်း မတတ်နိုင်ဟု ပါတီပြောခွင့်ရသူ ဦးမြတ်ထွန်းက ပြောသည်။

“သူတို့အရေးယူမယ်ဆိုရင်လည်း ယူ။ မတတ်နိုင်ဘူး။ သို့သော် ဥပဒေအရဆိုလို့ရှိရင် ကျနော်တို့လည်း ထပ်ပြီးတော့ ကျနော်တို့ဘက်ကလည်း ပြောရမယ်။ ဒါဥပဒေနဲ့မညီဘူးလို့ ကျနော်တို့ ပြောလို့ရတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေးအတွက်ဟုဆိုကာ ALD ကို မတ်လ ၁ဝ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရုံးသို့ လာရောက်အစစ်ဆေးခံရန် UEC က မတ်လ ၄ ရက်တွင် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲစာရင်း ၁၁ သန်းကျော် မှားယွင်းမှုရှိခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏စာရင်းဇယားများကို စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...