စစ်တွေမှ နေအိမ်ဖယ်ရှားခံရသူ ၄ဝဝ ကျော် ရိုက်ဒါဖောင်ဒေးရှင်းအကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွေ့နေထိုင်ခွင့်ရ

စစ်တွေမှ နေအိမ်ဖယ်ရှားခံရသူ ၄ဝဝ ကျော် ရိုက်ဒါဖောင်ဒေးရှင်းအကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွေ့နေထိုင်ခွင့်ရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နေအိမ်ဖယ်ရှားခံလိုက်ရသူ ၄ဝဝ ကျော်သည် ရိုက်ဒါဖောင်ဒေးရှင်းအကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာအနီးသို့ ယာယီပြောင်းရွေ့နေထိုင်ခွင့်ရသွားကြပြီဟု သိရသည်။

သူတို့ကို ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီးရှိ တောကျောင်းတစ်ခုဖြစ်သော ဘုန်းကြီးကျောင်းပိုင်မြေကွက်ဧရိယာ ၁ ဧကကျော်တွင် မြေပိုင်ရှင်ဆရာတော်၏သဘောတူညီချက်ဖြင့် လာမည့်မတ်လ ၂၄ ရက်တွင် ပြောင်းရွေ့နေရာချပေးသွားတော့မည်ဖြစ်ကြောင်း ရိုက်ဒါဖောင်ဒေးရှင်းမှ ကိုရိုက်ဒါက နိရဥ္စရာသို့ပြောသည်။

“သန်ဖက်ခါဆိုရင် ပစ္စည်းတွေဝယ်ပြီး ဒီလူတွေနဲ့တခါတည်း ပြောင်းသွားတော့မယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ဒီနေ့မနက်က သွားပြီးလျှောက်ခဲ့တယ်၊ အလိုတော်ပြည့်ဆရာတော်ဘုရားလည်းပါတယ်။ အားလုံးအဆင်ပြေလာတယ်” ဟု ပြောသည်။

အဆိုပါအိမ်ထောင်စုများအား ယင်းနေရာတွင် ၅ လခန့် ယာယီနေထိုင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စားဝတ်နေရေးနှင့် ကလေးများအတွက် အတန်းပညာသင်ကြားပေးနိုင်ရန်လည်း အဆင်ပြေအောင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကိုရိုက်ဒါက ဆက်ပြောသည်။

ပြောင်းရွေ့မည့်သူများတွင် အိမ်ထောင်စု ၁ဝဝ ၊ လူဦးရေ ၄၅ဝ ဦးပါဝင်ပြီး စစ်တွေအာကျိတ်တော်ကုန်းသုသာန်နှင့် ရထားလမ်းဧရိယာအတွင်းမှ နေအိမ်ဖယ်ရှားခံရသူအားလုံးဖြစ်သည်ဟု သိရသည်။

သုသာန်မြေမှဖယ်ရှားခံလိုက်ရသည့် ဦးစိန်အောင်က “သွားချင်တာရယ်လို့တော့ မဟုတ်ဘူး။ ကျနော်တို့မှာက ဘယ်နေရာပဲဖြစ်ဖြစ် နေစရာတစ်ခုရှိရင် ဟုတ်ပါပြီ”ဟု ပြောသည်။

လက်ရှိတွင် ၎င်းတို့သည် အာကျိတ်တော်ကုန်း သုသာန်မြေအနီး ဝေလာသီရိဘုန်းတော်ကြီးကျောင်းရှေ့ရှိ မြေကွက်လပ်တွင် ယာယီနေထိုင်လျက်ရှိကြပြီး ယင်းမြေပိုင်ရှင်ကလည်း ယခုလအကုန်တွင် ဖယ်ရှားခိုင်းနေသည့်အတွက် ယခုကဲ့သို့ ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြောင်းရွေ့ရန်စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

နေအိမ်ဖယ်ရှားခံရသူများသည် မတ်လ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခံခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေရခြင်းဖြစ်သည်ဟု သိရသည်။

၄င်းတို့ထဲတွင် မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များဘက်မှ ပါဝင်ပြီး စစ်ဘေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် ယခုကဲ့သို့ လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...