အမ်းမြို့မှ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယခုအပတ်အတွင်း နေရပ်ပြန်ပို့ရန် စီစဉ်နေ

အမ်းမြို့မှ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယခုအပတ်အတွင်း နေရပ်ပြန်ပို့ရန် စီစဉ်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယခုအပတ်အတွင်း နေရပ်ပြန်ပို့ရန် ပြည်နယ်ကောင်စီကစီစဉ်နေသည်ဟု သိရသည်။

အမ်းမြို့ရှိ ပဲပဒုံ၊ မိုးလုံလေလုံအားကစားခန်းမနှင့် ကမ်းဒိတ်စသည့် စစ်ဘေးရှောင်စခန်း(၃)ခုမှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်ကို မတ်လ ၂၇ ရက်မတိုင်မီ နေရပ်ပြန်ပို့ရန်စီစဉ်နေသည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကို ပြောသည်။

“အမ်းဘက်က နေရပ်ပြန်မယ့် စစ်ဘေးရှောင် အယောက် တစ်ထောင်ကျော်ကို ငါတို့ တပ်မတော်နေ့မတိုင်ခင် နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်” ဟုပြောသည်။

ယခုပြန်ပို့မည့်သူများတွင် အိမ်ထောင်စု ၃ဝ၇ စုပါဝင်ပြီး အမ်းမြို့နယ် ဒါးလက်ချောင်းဒေသဘက်မှ ဖြစ်ကြသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ နေရပ်ပြန်လိုခြင်းမှာ မိမိတို့ရပ်ရွာအနီး မိုင်းအန္တရာယ်ကို စိုးရိမ်မိသော်လည်း တိုက်ပွဲများ ရပ်တန့်နေဆဲကာလဖြစ်၍ မိမိဒေသတွင်လုပ်ကိုင်စားသောက်လိုသောကြောင့်ဟု နေရပ်ပြန်ရန်စားရင်းသွင်းထားသည့် ပဲပဒုံစခန်းမှ ဦးအောင်ဝင်းက ပြောသည်။

“နေရပ်ပြန်မယ်ဆိုတာက တိုက်ပွဲတွေရပ်တန့်နေဆဲကာလမလို့ပါ။ မိုင်းအန္တရာယ်တော့ စိုးရိမ်မိတာပေါ့။ ဒါပေမယ့် ကိုယ့်ဒေသမှာလုပ်ကိုင်စားသောက်လိုတဲ့အတွက် ပြန်ချင်တာပါ”ဟု ပြောသည်။

အမ်းမြို့ရှိ စစ်ဘေးရှောင်လူဦးရေ ရဝဝ ခန့်ကိုလည်း ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က ပြည်နယ်ကောင်စီက နေရပ်ပြန်ပို့ခဲ့သည်။

ယင်းသို့ပြန်ပို့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၆ သိန်းနှင့် လူ့အသုံးဆောင်ပစ္စည်း ၁၇ မျိုးတို့ကို ပြည်နယ်ကောင်စီက ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။

လက်ရှိ အမ်းမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁ဝဝ ကျော်သာကျန်ရှိတော့ပြီး ၄င်းတို့မှာ  နေရပ်ပြန်ရန်အဆင်သင့်မဖြစ်သေးခြင်းကြောင့်ဖြစ်သည်ဟု ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။

အမ်းမြို့ရှိ စစ်ဘေးရှောင်များတွင် ၂ဝ၁၉ နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများဖြစ်သည်ဟု သိရသည်။

 
 

 

 

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...