ကျောက်တော် မဟာမုနိစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များတွင် ထောက်ပံ့ပစ္စည်းနှင့် ရိက္ခာများ အပြည့်အဝမရ၍ AA က စစ်ဆေးနေ

ကျောက်တော် မဟာမုနိစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များတွင် ထောက်ပံ့ပစ္စည်းနှင့် ရိက္ခာများ အပြည့်အဝမရ၍ AA က စစ်ဆေးနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များတွင် ပြင်ပမှလာလှူသည့်ထောက်ပံ့ပစ္စည်းနှင့် ရိက္ခာများကို အပြည့်အဝမရရှိ၍ ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးနေပြီဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပြင်ပအဖွဲ့အစည်းများက လာရောက်လှူဒါန််းသည့်ထောက်ပံ့ပစ္စည်းများနှင့် ရိက္ခာများအား စခန်းတာဝန်ရှိသူများက ပြန်လည်သိမ်းယူမှုများရှိနေသည်ဟုဆိုကာ AA ကို မကြာသေးခင်က သွားရောက်တိုင်တန်းခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ယင်းသို့တိုင်တန်းခဲ့မှုကြောင့် မတ်လ ၁၄ ရက်နေ့တွင် အဆိုပါစစ်ဘေးရှောင်စခန်းတာဝန်ရှိသူများသည် AA နယ်မြေခံရုံးသို့သွားရောက်စစ်ဆေးခံခဲ့ရပြီး မကြာမီ စခန်းသို့ လာရောက်စစ်ဆေးမှုများပါ ပြုလုပ်မည်ဟု စခန်းတာဝန်ခံ ကိုသားကြီးက နိရဥ္စရာကို ပြောသည်။

“ကျွန်တော်တို့ကတော့ မယူပါဘူး။ ကျွန်တော်တို့က အစိုးရနှစ်ရပ်ကြားနေရတာမလို့ ဒီဘက်က အစိုးရကို မကြောက်ရရင်တောင် ကိုယ့်ဘက်က အစိုးရက ကြောက်ရပါတယ်။ မနေ့ကဆို နယ်မြေရုံးသွားလိုက်ရတယ်။ သူတို့တွေကတော့ ဆင်းစစ်မယ်ပေါ့။ စခန်းထဲမှာ ရိက္ခာကိုဘယ်လိုပေးလဲဆိုတာ သူတို့ကိုယ်တိုင် ဆင်းစစ်မယ်”ဟု ပြောသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကလှူဒါန်းသည့် ထောက်ပံ့မှုကိုသာ ပုံမှန်ရရှိပြီး ပြင်ပပရဟိတအဖွဲ့အစည်းများက လာရောက်လှူဒါန်းသည့်ပစ္စည်းများကို အလှူရှင်ပြန်သွားလျှင် စခန်းတာဝန်ခံများက စစ်ဘေးရှောင်များထံမှ ပြန်လည်တောင်းယူမှုများရှိကြောင်း စခန်းတွင်းနေထိုင်သူများက ပြောသည်။

စခန်းတွင်း နေထိုင်သူအမျိုးသမီးတစ်ဦးက “အဝတ်တွေလည်း ကောင်းကောင်းမွန်မွန်လာလှူပေမယ့်  ဘေထုပ်ကိုမှ ရော့လာယူဆိုတာမျိူး သူတို့မလိုချင်တာမှ ရတာပဲ။ အလှူရှင်ရှိနေချိန်မှာ ယူယူဆိုပြီးယူကြတယ်။ အလှူရှင်ပြန်သွားရင် ပြန်ပြီးသိိမ်းပါတယ်”ဟု ပြောသည်။

စစ်ဘေးရှောင် နောက်တစ်ဦးကလည်း “ဆန်၊ အိုး၊ ဆိုလာ၊ ဆီ၊ ဆား ရိက္ခာအစုံပေးတယ်။ အလှူရှင်ပြန်သွားတာနဲ့ ပြန်တင် ပြန်တင်ဆိုတော့ အကုန်ပြန်ပေးလိုက်ရတယ်”ဟု ပြောသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်အတွင်းမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄ဝဝ ကျော်၊ လူဦးရေ ၁,၈ဝဝ ကျော်နေထိုင်ကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...