တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် လူ ၄ဝ ခန့် ရေကျောက်ရောဂါကူးစက်ဖြစ်ပွား

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် လူ ၄ဝ ခန့် ရေကျောက်ရောဂါကူးစက်ဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ၅ နှစ်အောက်ကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၄ဝ ခန့်မှာ ရေကျောက်ရောဂါကူးစက်ဖြစ်ပွားနေကြောင်း သိရသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီက လူအချို့၌ ရေကျောက်ရောဂါစတင်ဖြစ်ပွားခဲ့ရာ လက်ရှိတွင် အသက် (၅) နှစ်အောက်ကလေးငယ် ၂ဝ ကျော်အပါအဝင်လူ ၄ဝ ခန့်မှာ ကူးစက်ဖြစ်ပွားလာနေကြောင်း အဆိုပါစစ်ဘေးရှောင်စခန်းမှ ကလေးနှင့် အမျိုးသမီးတာဝန်ခံ မအေးခင်က နိရဥ္စရာအားပြောသည်။

“ရေကြောင့်ဖြစ်တာဖြစ်တာလို့ထင်တယ်။ ရေကန်ကရေက နောက်ကျိနေတာပါ။ ပြီးတော့ တာပေါ်လင်စတွေနဲ့ကာထားတော့ ပူလာလို့လားမသိဘူး။ အနာတွေပေါက်လာကြတယ်။ ယားယံတာတွေဖြစ်တယ်။ စခန်းတာဝန်ခံတောင် အဲလိုဖြစ်နေတယ်။ ရေကျောက်ပေါက်တာလို့ပြောတယ်” ဟုပြောသည်။

အဆိုပါစခန်းတွင် စခန်းတွင်းရှိ ရေကန်မှ နောက်ကျိနေသည့်ရေများကို အသုံးပြုနေရသည်ဟုလည်း သိရသည်။

ယခုဖြစ်ပွားနေသည့်ရောဂါမှာ ရေမသန့်ရှင်း၍ဖြစ်ပွားခြင်းမဟုတ်ဘဲ ရာသီကြောင့်ဖြစ်တတ်ခြင်းသာဖြစ်သည်ဟု ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဥ္စရာကိုပြောသည်။

“ကျွန်တော်တို့ကွင်းဆင်းပြီးလုပ်ပေးနေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတော့လုပ်ပေးနေတယ်။ ကျန်းမာရေးပညာပေးတာပဲ လုပ်လို့ရမယ်။ ရေကျောက်ပေါက်တာက ကူးစက်တာကိုး။ ဒီရာသီမှာတော့ ဖြစ်ကြတယ်။ စစ်ဘေးရှောင်စခန်းတစ်ခုတည်းမဟုတ်ဘဲ တခြားနေရာတွေမှာလည်းဖြစ်ကြတယ်။ တစ်ယောက်ယောက်မှာပါလာရင် နောက်ထပ်လူတွေမှာကူးတတ်တယ်” ဟုပြောသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၂၇ ဦးနှင့် အိမ်ထောင်စု ၉၅ စုနေထိုင်ပြီး ခမီနှင့် မြိုလူမျိုးများ ဖြစ်ကြသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...