UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့မှ နုတ်ထွက်လိုက်၍ AFP ပါတီအတွက် နစ်နာမှုမရှိဟု ဒေါက်တာအေးမောင်ပြော

UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့မှ နုတ်ထွက်လိုက်၍ AFP ပါတီအတွက် နစ်နာမှုမရှိဟု ဒေါက်တာအေးမောင်ပြော

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးပါတီအစုအဖွဲ့မှ နုတ်ထွက်လိုက်၍ ရခိုင့်ဦးဆောင်ပါတီ(AFP)အတွက် နစ်နာမှုမရှိကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ၄ လတစ်ကြိမ်ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သော်လည်း သက်တမ်း ၂ လ ထပ်မံတိုးပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် နောက်တစ်ဦးက အစုအဖွဲ့သဘောမပါဘဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံစာရေးတင်ပြခဲ့ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သက်တမ်း ၂ လတိုးပေးလိုက်သည်ကို သဘောမတူ၍ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က နိရဉ္စရာအားပြောသည်။

“ကျွန်တော်တို့အတွက် ဆုံးရှုံးမှုမရှိပါဘူး။ ဒီကိစ္စက အမှန်က အဲဒီစာမျိုးရေးသားဖို့ကို အစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြတာမဟုတ်ဘူး။ အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာက မတ်လ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ခေါ်ပြီးမှ တက်ခြင်းမတက်ခြင်းက တပိုင်းပေါ့လေ။ UPDJC ကို အသစ်ဖွဲ့စည်းဖို့ဆုံးဖြတ်မှုရှိပြီးသားဖြစ်တယ်။ ကတိအတိုင်းအသစ်ပြန်ဖွဲ့ရမှာလေအမှန်က။ အဲဒါကိုလက်မခံလို့ ထွက်တာ” ဟုပြောသည်။

AFP ပါတီအနေဖြင့် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းလာပါကလည်း ပါသင့်၊ မပါသင့်ကို စဉ်းစားရဦးမည်ဟု သူက ဆက်ပြောသည်။

UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က နိုင်ငံရေးပါတီ ၅၃ ပါတီမှ ပါတီကိုယ်စားလှယ် ၁၆ ဦးအား ရွေးချယ်ပြီး ၄ လသက်တမ်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့ကိုတာဝန်ယူလုပ်ကိုင်နေသည့် ပါတီကိုယ်စားလှယ် ၁၆ ဦးတွင် ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်မပါတီ ၇ ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ စသည့်ပါတီများမှဖြစ်သည်ဟု သိရသည်။

UPDJC ၏ နိုင်ငံရေးပါတီအစုအဖွဲ့တွင် အမြဲတမ်းပါတီ ၁၆ ပါတီနှင့် အရံပါတီ ၁၆ ပါတီဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမြဲတမ်း ၁၆ ပါတီတွင် AFP ပါတီအပါအဝင် တိုင်းရင်းသားပါတီ ၉ ခုနှင့် ပြည်မပါတီ ၇ ခုပါဝင်သည်။

လက်ရှိတွင် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရမည့်အစား သက်တမ်း ၂ လထပ်တိုးခဲ့သည့်အတွက် ပါတီအချင်းချင်းကြား သဘောထားကွဲလွဲမှုများ ရှိနေကြသည်ဟုလည်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...