ALD ပါတီကိုစစ်ဆေးရန် UEC က ခေါ်ယူသော်လည်း သွားရောက် အစစ်ဆေးခံမည်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူပြော

ALD ပါတီကိုစစ်ဆေးရန် UEC က ခေါ်ယူသော်လည်း သွားရောက် အစစ်ဆေးခံမည်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူပြော

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကိုစစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ခေါ်ယူထားသော်လည်း သွားရောက် အစစ်ဆေးခံမည်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောသည်။

“ကျွန်တော်တို့ အစစ်ဆေးခံဖို့မသွားလို့ ပါတီကို ဖျက်မယ်ဆိုလည်း ဖျက်လိုက်ပါ။ မသွားနိုင်ပါဘူး။ တကယ်လို့ ကျောက်တော်က ပါတီရုံးကို လာစစ်မယ်ဆိုရင်စစ်ဆေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ စာရင်းဇယားအကုန်ရှိပြီးသားပါ” ဟုပြောသည်။

ALD အနေဖြင့် ပါတီအစည်းအဝေးများ ပုံမှန်လုပ်ဆောင်ပြီး ပုံမှန်လည်ပတ်နေသည်ဟုလည်း ပါတီပြောခွင့်ရသူ ဦးမြတ်ထွန်းက ပြောသည်။

နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေးအတွက်ဟုဆိုကာ ALD ပါတီကို လာမည့် မတ်လ ၁ဝ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရုံးသို့ မတ်လ ၄ ရက်တွင် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တောင်ကုတ်မြို့နယ် ALD မှ ၂ဝ၂ဝ ပြည့်နှစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာတင်မာအောင်ကလည်း ယခုကဲ့သို့ သွားရောက်အစစ်ဆေးခံမည်မဟုတ်ဟုဆုံးဖြတ်ချက်မှာ ပါတီဝင်အားလုံး၏ သဘောထားဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးပါ။

ALD ပါတီမှာ လွန်ခဲ့သည့် ၁၉၈၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည့်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ၁၉၉၂ ခုနှစ်တွင်တစ်ကြိမ်ဖျက်သိမ်းခံရပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နှင့် ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ်ဖွဲ့စည်းကာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် ANP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂ဝ၁၅ မှ ၂ဝ၂ဝ အထိ လွှတ်တော်သက်တမ်းတွင် ALD ပါတီဝင်ဟောင်း/ANP လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ့ မြေပုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေမှာ လွှတ်တော်တွင် အဆိုအများဆုံးတင်သွင်းနိုင်ခဲ့သည့် အမျိုးသမီးများအထဲမှ တစ်ဦးဖြစ်ခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် ALD ပါတီကို ထပ်မံဖွဲ့စည်းခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် မြို့နယ် များမှအပ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်မြို့နယ်တို့တွင် ကိုယ်စားလှယ်အချို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိတွင် ပါတီဝင် ၁,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...