ပလက်ဝသို့ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်တွင် ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ခံထားရ၍ ဒေသခံများ အခက်ကြုံနေ

ပလက်ဝသို့ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်တွင် ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ခံထားရ၍ ဒေသခံများ အခက်ကြုံနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ အစိုးရဇက်ရေယာဉ်ဖြင့်ပြေးဆွဲနေသော်လည်း ထိုရေယာဉ်ပေါ်တွင် စားသောက်ကုန်ဖြစ်သည့် ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံထည်ပစ္စည်း စသည်တို့ကို တင်သွင်းခွင့်ပိတ်ပင်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ပိတ်ပင်မှုများကြောင့် ပလက်ဝတွင် ကုန်ဈေးနှုန်းအများအဆမတန်မြင့်တက်လာနေပြီး ရေရှည်တွင် ပြည်သူလူထုအနေဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“ဆန်၊ ဆီတွေကို တင်သွင်းတဲ့အခါမှာ အကန့်အသတ်နဲ့ မဟုတ်တော့ဘူး။ လုံးဝသယ်ယူခွင့်မပြုဘူး။ ဆန်တွေကို တင်ခွင့်၊ သယ်ယူခွင့်သာပြုမယ်ဆိုရင် ပြည်သူပြည်သားတွေအတွက် အဆင်ပြေမယ်။  အခုဆိုရင် တစ်နေ့လုပ်အားခနဲ့ တစ်နေ့လိုက်မမီတော့ဘူး။ ကုန်ဈေးနှုန်းက အဆမတန်မြင့်တက်လာနေပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ဆန်၊ လောင်စာဆီ၊ ဘိလပ်မြေနှင့် သံထည်ပစ္စည်းများ တင်ဆောင်ခွင့်ကို အစိုးရရေယာဉ်ပြေးဆွဲသည့်အချိန်မှစ၍ ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ပလက်ဝမြို့၌ စက်သုံးဆီတစ်လီတာကို ကျပ် (၂,၅၀၀) ၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ကျပ်(၅) သောင်း၊ ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၂)သောင်းအထိ အသီးသီးပေါက်ဈေးရှိနေကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝဒေသခံတစ်ဦးက “ကျနော်တို့လက်လုပ်လက်စားတွေမှာက မိမိတို့ လုပ်ငန်းကိုလုပ်မှ စားရတာ။ အလွယ်တကူသွားလာခွင့်လည်း မရဘူး။ ရှာဖွေစားသောက်ဖို့ကလည်း အဆင်မပြေတော့ ငတ်မယ့်အခြေအနေမှာရှိတယ်။ ကျောက်တော်မှာ ကျပ်(၅၀၀) ကျသင့်မယ့်ပစ္စည်းတစ်ခုကို ဒီမှာ (၁,၅၀၀) အထိ ပေါက်ဈေးရှိနေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီးသက်လွင်က ဆန်သယ်ယူခွင့်များနှင့် ပတ်သက်၍ သူနှင့်မသက်ဆိုင်ကြောင်းနှင့် လုံ/ နယ်၏ ခွင့်ပြုမိန့်ပါလျှင် တင်ဆောင်ခွင့်ပေးကြောင်း ပြောသည်။

“ဆန်သယ်ယူခွင့်တွေ ဘာတွေကျတော့ လုံ/ နယ် ရဲ့ခွင့်ပြုချက်ပါရမယ်။ ဘာကြောင့်သယ်ချင်တယ်ဆိုတဲ့အကြောင်းပြချက် ခိုင်လုံစွာနဲ့ အဲဒါတွေကို တင်ရပါမယ်။ အဲဒါမပါရင် ပေးမသယ်ဘူးပေါ့” ဟု ပြောသည်။

လက်ရှိတွင် ကျောက်တော်မှ ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် အစိုးရရေယာဉ်တစ်စီးပျက်နေသည့်အတွက် ပြုပြင်နေရပြီး ကျန်သည့် ရေနယား(၁)ဖြင့် တစ်ပတ်လျှင် တနင်္လာနေ့(၁)ကြိမ်စီ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို အစိုးရဇက်ရေယာဉ်ဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...