ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည် များနေထိုင်ရာ စခန်းများမှ ဓါးပြခေါင်းဆောင်များနှင့် အကြမ်းဖက်သမားများကို သေနတ်များနှင့် အတူ ဖမ်းဆီးရမိကြောင်း ကော့စ်ဘဇားနယူးတွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီ ကျော် အချိန်က အမှတ် (၁၅) အထူး မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ ( Rapid Action Battalion/RAB)က အိုကီးယားမြို့နယ်၊ ကူတူပါလောင် မူဆလင် ဒုက္ခသည်စခန်းကို စီးနင်းစဉ် ဓားပြခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုင်ရူ အာမိန် Khairul Amin (၃၈) နှစ်ကို ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်နှင့် အတူ ဖမ်းမိခဲ့သည်ဟုဆိုသည်။
သူ၏ ဖွင့်ဟ ဝန်ခံချက်အရ ဆက်လက်ရှာဖွေရာ သေနတ်အရှည် ၃ လက်၊ သေနတ်အတို ၂ လက်နှင့် ကျည် ၆ တောင့်ကို ဖမ်းမိသည်။
၎င်းသေနတ်များမှာ ဓားပြတိုက်ရန် စုဆောင်းထားခြင်း ဖြစ်ကြောင်း ၎င်းဓားပြ ခေါင်းဆောင်က ပြောကြောင်း ကော့စ်ဘဇား RAB-15 လက်ထောက် ညွှန်ကြားရေးမှူး (ဥပဒေနှင့် မီဒီယာ) လက်ထောက်ကြီးကြပ်ရေးမှူး Billal Uddin က မီဒီယာကို အတည်ပြုပြောကြားသည်။
အလားတူ သောကြာနေ့က တက်ကနက်မြို့နယ် ဦးချိန်းပြင် မူဆလင် ဒုက္ခသည် စခန်း အမှတ် (၂၂) မှ အကြမ်းဖက်သမား ၃ ဦးကို ပစ္စတိုနှစ်လက်၊ ကျည်ဆံ ၆၁ တောင့်နှင့် အတူ ဘင်္ဂလာရဲက ဖမ်းမိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူမှာ အာမတ်ချော်ဖိ/ ဒုက္ခသည် Family Counting Number (FCN) -249373 (၂၆) နှစ်၊ အာမန် အူလာ (FCN-23740) (၂၆) နှစ်/ ၊ ဂျာမေလ် အာမတ် (၅၅) နှစ် (FCN-244456)တို့ဖြစ်ကြသည်ဟု ဆိုသည်။
၎င်းတို့နှင့် အတူ ဖမ်းဆီးရမိသော သေနတ်များကို တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးပအပ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။







