ကုန်စည်ရရှိမှုနည်းပါး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

ကုန်စည်ရရှိမှုနည်းပါး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးသည် ယခုလအတွင်း ကုန်ရရှိမှုနည်းပါး၍ ကုန်သွယ်မှုတန်ဖိုး ထိုးပြီးကျဆင်းလာနေကြောင်း သိရသည်။

စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကညင်ချောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကုန်ရရှိမှုနည်းပါးလာပြီး နေ့စဉ်ထွက်နေကျ ကုန်သွယ်စက်လှေများမှာ ပုံမှန်မထွက်နိုင်သည့်အတွက် ကုန်သွယ်မှုတန်ဖိုးမှာ ထက်ဝက်ခန့် ကျဆင်းလာနေကြောင်း နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများက နိရဥ္စရာအား ပြောသည်။

တောင်ကုတ်မြို့မှ နေလသစ္စာကုမ္ပဏီဥက္ကဋ္ဌ ဦးကျောက်တောင်က “အခုက အေးနေတယ်။ တစ်ခုတောင်မရှိဘူး။ ကြက်သွန်က ကုန်သွားပြီ။ ဖေဖော်ဝါရီလကုန်လောက်မှ ကြက်သွန်ထွက်မယ်။ ဒီလကတော့ လုံးဝရပ်သွားတယ်။ ပစ္စည်းမထွက်ဘူး” ဟုပြောသည်။

တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်သို့ အဓိကပို့ကုန်မှာ ကြက်သွန်ဖြစ်သဖြင့် ပြည်မဘက်မှ ကြက်သွန်အရောက်နည်း၍ ကုန်သွယ်မှုတန်ဖိုးကျဆင်းလာနေခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦအောင်အောင်ကလည်း စစ်တွေနှင့်မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဘင်္ဂလားဒေ့ရှ်သို့ ငါးတစ်ခုတည်းကိုသာ ကုန်သွယ်နေရသည်ဟု ဆိုသည်။

“အရင်က စက်လှေတစ်ရက်မှာ သုံး၊ လေးစီး ထွက်နေခဲ့တာ အခု ထွက်ရရင်တောင် တစ်ရက်မှာမှ တစ်စီး။ ဒီဖေဖော်ဝါရီလထဲမှာတော့ သိပ်ကျဆင်းသွားမယ်” ဟုပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းကလည်း ကုန်စျေးနှုန်းမြင့်မားလာမှုကြောင့် ကုန်စည်များရောက်ရှိလာခြင်းမရှိသဖြင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုလအတွင်း ကုန်သွယ်မှုတန်ဖိုး ထိုးဆင်းသွားကြောင်း ပြောသည်။

“ ကုန်စည်တွေမရဘူး။ ဖေဖော်ဝါရီလအတွက်တော့ လကုန်မှ ရာခိုင်နှုန်းတွေဘာတွေတွက်လို့ရမယ်။ ဒီလမှာတော့ ကုန်တင်ပို့မှုဆင်းသွားမယ်ထင်တယ်။ ကုန်စက်လှေတစ်စီးတင်ဖို့အတွက်ကို အခက်အခဲရှိနေတာ။ ကုန်ဈေးတွေမြင့်လာလို့ ကုန်သည်တွေမရောက်လာတာတွေရှိတယ်။ ငါးမြစ်ချင်းတစ်ခုပဲ နည်းနည်းပါးပါး ပို့နေရတယ်” ဟုပြောသည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကျဆင်းသွားသည့်ကုန်သွယ်မှုတန်ဖိုးကို ယခုလကုန် တွက်ချပြီးမှ သိရမည်ဟု ဆိုကြသည်။

နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်လုပ်ဆောင်ခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ (၃) လတာကာလအတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇.၀၂၅ သန်းနှင့် သွင်းကုန် ဒေါ်လာ ၀.၀၆ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

အလားတူ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ  ၅.၁၂၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၀.၀၄၄ သန်းဖိုး တင်ပို့ တင်သွင်းနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ၏ စာရင်းအရ သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...